Savory Culinary

Savory Culinary A collection of savory dishes, cooking recipes, and restaurant reviews. Let's create a delicious life together. Founder of Savory Culinary.

Professional Chef with over 20 years of experience in culinary life. Passionate about Italian cuisine, Continental cuisine, Oriental cuisine and Polynesian Cuisine.

6. Preserving (Salt/Sugar Preservation)ဆား သို့မဟုတ် သကြား သိပ်သည်းဆ မြင့်မြင့်သုံးပြီး အဏုဇီဝပိုးမပွားအောင် ထိန်းသိမ်းခ...
13/07/2026

6. Preserving (Salt/Sugar Preservation)

ဆား သို့မဟုတ် သကြား သိပ်သည်းဆ မြင့်မြင့်သုံးပြီး အဏုဇီဝပိုးမပွားအောင် ထိန်းသိမ်းခြင်းကို ဆိုလိုတာပါ။

Preserving အပိုင်းမှာ အခြေခံအဆင့်တွေကဖော်ပြလိုက်ပါတယ်။

ပထမအဆင့်
ရေဓာတ်လျော့ချခြင်း။ ရေဓာတ်လျော့ချဖို့အတွက် အသုံးများတဲ့ Technique တွေကတော့
- ဆားအသုံးပြုပြီး လျော့ချခြင်း။
- မီးခိုးငွေ့အသုံးပြုပြီး လျော့ချခြင်း (Smoke)။
- တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ အပူအသုံးချ လျော့ချခြင်း ၊ အခြောက်ခံခြင်း (လေပူ ၊ မီးခိုးငွေ့အပူ ၊ မီးအပူ ၊ သဘာဝအပူ) ဆိုတဲ့ Technique တွေပဲဖြစ်ပါတယ်။

ဒုတိယအဆင့်
အစိုဓာတ်နေရာမှာ အစားထိုးခြင်း။ အသုံးပြုထားတဲ့ ဆား၊ သကြား၊ အချဥ်ရည် ၊ အရက် စသည်တို့က အစားထိုးဝင်ရောက်သွားလို့ ပိုးမွှားပေါက်ပွားခြင်းကိုတားဆီးပေးတဲ့ အဆင့်ဖြစ်ပါတယ်။

တတိယအဆင့်
အချဥ်ဖောက်ပြီး အက်ဆစ်ဓာတ်အဖြစ်ပြောင်းခြင်း။ ဂေါ်ဖီထုပ်ချဉ် (Sauerkraut) လိုမျိုး အချဉ်ဖောက်တဲ့ လုပ်ငန်းစဉ်တွေမှာဆိုရင် ဆားကပုပ်သိုးမှုကိုတားဆီးပေးပြီး အချို့အကျိုးပြု ဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်စေပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေက ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ သကြားဓာတ်ကို အက်ဆစ်အဖြစ် ပြောင်းလဲပေးပြီး ပျက်စီးစေတဲ့ ပိုးမွှားတွေ မဝင်နိုင်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ Preservation ရဲ့ အဆင့်ဆင့်ပြုလုပ်ပုံ ပြေင်းလဲသွားပုံကိုဖော်ပြတာဖြစ်ပါတယ်။

7. Umami Seasoning
အူမာမိ အရသာသွင်းခြင်း
ဆားတင်မကဘဲ ဟင်းပွဲကိုလေးနက်စေပြီး လျှာထဲစွဲကျန်စေမယ့် Glutamate ကြွယ်ဝတဲ့ သဘာဝ Seasonings တွေကို အသုံးပြုတဲ့ နည်းစနစ်တခုပါ။ Fermented fish (ငါးငပိ ၊ ငပိရည်)၊ Fish Sauce (ငံပြာရည်)၊ Miso (ပဲပုပ်အနှစ်)၊ Parmesan Cheese၊ Soy Sauce နဲ့ Dried Mushroom မှုန့်တွေက ဆားရဲ့အငန်ဓာတ်အပြင် Umami depth ကိုပါ တစ်ခါတည်း ပေးနိုင်တာကြောင့် နောက်ပိုင်းနည်းစနစ်တွေမှာ ထည့်သွင်းအသုံးပြုနေကြပြီဖြစ်ပါတယ်။ အပိုင်း ၃ ရဲ့ Technique အပိုင်း ဒီမှာတင်အဆုံးသတ်ပါပြီ။

တင်ဆက်ပြီး ဖြစ်တဲ့ Seasoning အပိုင်းကိုလေ့လာပြီးတဲ့အခါ ရသွားမယ့်အသိပညာတွေကတော့ ကိုယ်တိုင် ဖန်တီးမှုပြုလုပ်တဲ့အခါ အသားတွေကို ဘယ်လို Seasoning ပြုလုပ်မှာလဲဆိုတဲ့အပိုင်းကို ထည့်သွင်းစဥ်းစား တတ်သွားမှာပါ။ အဲ့ဒီလို စဥ်စားမိစေဖို့အတွက် Seasoning အပိုင်းကို သေချာလေ့လာပြီး တဆင့်ခြင်းဆီကို နားလည်သွားမှ လွယ်ကူစေမှာပါ။

နောက်ဆုံးအချုပ်အနေနဲ့ပြောရရင်
Seasoning လုပ်တဲ့အခါမှာ အဓိက အချက်သုံးချက်ကို အမြဲထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်။
၁။ Foundation Layer ကိုယ်ဘာသုံးထားလဲ။
၂။ The Aromatics & Enhancers Layer မှာ ဘာသုံးထားလဲ။
၃။ Technique-Based Seasoning Layer မှာ ဘယ် Layer ကို အသုံးပြုမှာလဲ။
စတဲ့အချက်သုံးချက်ကိုသာ စဥ်းစားမိထားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်အခြေခံဘယ်လောက်ပိုင်ထားလဲ ဘယ်လောက်လေ့လာထားလဲဆိုတာ သင့်ပတ်ဝန်းကျင်က သင့်ကို အကဲဖြတ်သွားမှာပါ။

Pillar 4 ရဲ့ Salt & Seasoning အပိုင်းကတော့ ဒီမှာတင်ပဲ အဆုံးသတ်သွားပါပြီ။
Salt & Seasoning အပိုင်းကို သေချာလေ့လာဖြစ်ခဲ့တယ်ဆိုရင် ထင်မြင်ယူဆချက်ရေးပေးခဲ့လို့ရပါတယ်။ Salt အပိုင်းနဲ့ Seasoning အပိုင်းလေ့လာမှုမှာ စိတ်ခံစားချက်ဖြစ်စေတာမျိုး (ပျင်းရိ ငြီးငွေ့ဖွယ်ကောင်း ၊ မလိုတာတွေအရမ်းများ ၊ မသိသေးတာတွေ သိလိုက်ရ စသည်ဖြင့်) ရှိခဲ့ရင် မှတ်ချက်ပေးခဲ့လို့ရပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



5. Curingဆားဖြင့် အစိုဓာတ်ထုတ်ပြီး အရသာ သိပ်သည်းကျစ်လျစ်စေခြင်းအသား/ငါးထဲက ရေဓာတ်ကို ဆားနဲ့ဆွဲထုတ်ပြီး ရေရှည်ခံအောင်နှင့...
10/07/2026

5. Curing

ဆားဖြင့် အစိုဓာတ်ထုတ်ပြီး အရသာ သိပ်သည်းကျစ်လျစ်စေခြင်း

အသား/ငါးထဲက ရေဓာတ်ကို ဆားနဲ့ဆွဲထုတ်ပြီး ရေရှည်ခံအောင်နှင့် အရသာသိပ်သည်းအောင် လုပ်တဲ့ Techniques ဖြစ်ပါတယ်။(ဥပမာ- Salmon gravlax, Pancetta)။ Curing Technique က Professional Kitchen အပိုင်းမှာ သက်တမ်းအရင့်ဆုံးနဲ့ အနက်နဲဆုံး Charcuterie (အသားမွမ်းမံသိမ်းဆည်းခြင်း အနုပညာ) နည်းပညာဖြစ်ပါတယ်။ ဆားအကြောင်း မျှဝေတဲ့အခါမှာ နိုင်ငံအလိုက် ဆားတွေ့ရှိခဲ့ချိန်က အသုံးပြုခဲ့ပုံမှာ လေ့လာနိုင်ပါတယ်။

Dry Brining နဲ့ Wet Brining တို့က အသားထဲကို ရေဓာတ်တိုးဝင်စေပြီး ချက်ပြုတ်တဲ့အခါ အရည်ရွှမ်းဖို့ ဦးတည်တယ်ဆိုရင် Curing ကတော့ ဆန့်ကျင်ဘက်ပါ။ အသား/ငါးထဲမှာ ရှိသမျှ ရေဓာတ်ကို အတတ်နိုင်ဆုံး "ဆွဲထုတ်ပစ်ပြီး" အရသာဒြပ်ပေါင်းတွေကို အလယ်ဗဟိုမှာ စုစည်းသိပ်သည်းသွားစေဖို့နဲ့ ရေရှည်သိမ်းဆည်းဖို့ ဦးတည်တဲ့ အဆင့်မြင့်နည်းစနစ် ဖြစ်ပါတယ်။

Curing ကို အဆင့်အလိုက် ခွဲခြားပြောရရင် Extreme Osmosis, Dehydration & Structural Tightening, Microbial Inhibition ဆိုပြီး အဆင့်ဆင့် ဖြစ်စဥ်တွေပြောင်းလဲသွားပါတယ်။

Extreme Osmosis
အစိုဓာတ်ကိုဆွဲထုတ်ခြင်း

အသား သို့မဟုတ် ငါးတစ်ခုလုံးကို ဆားတွေနဲ့ မြှုပ်နေအောင် ဖုံးအုပ်ခြင်း (သို့မဟုတ်) ဆားအမြောက်အမြား နယ်လိုက်တဲ့အခါ အပြင်ဘက်က ဆားရဲ့ ပြင်းအားက အဆမတန်မြင့်မားသွားပါတယ်။ ဒီအခါ ပြင်းထန်တဲ့ Osmosis (အော့စ်မိုးစစ်) ဖြစ်စဉ်ကြောင့် အသားရဲ့ ဆဲလ်အတွင်းပိုင်းထဲက ရေဓာတ်တွေဟာ အပြင်ဘက်ကို အဆက်မပြတ် စိမ့်ထွက်လာပြီး ဆားတွေကို သကြားလုံး အရည်ပျော်သလို ပျော်ကျလာစေပါတယ်။

Dehydration & Structural Tightening
အသားသား ကျစ်လျစ်သွားခြင်း

အသားထဲက ရေဓာတ်တွေ အပြင်ကိုထွက်သွားတဲ့အတွက် အသားရဲ့ ပမာဏကကျုံ့သွားပြီး အသားမျှင်တွေက တစ်ခုနဲ့တစ်ခု သိပ်သည်းသွားပါတယ်။ အဲ့ဒီအခါ အသားထဲမှာကျန်ခဲ့တဲ့ သဘာဝအဆီ (Fat) နဲ့ ပရိုတင်းဒြပ်ပေါင်းတွေရဲ့ အရသာဟာ ပွစိစိမဖြစ်တော့ဘဲ အလွန်ပြင်းထန် လေးနက်တဲ့ Umami Depth (အရသာ သိပ်သည်းမှု) ကို ရရှိစေတာဖြစ်ပါတယ်။

Microbial Inhibition
ဘက်တီးရီးယားများ မပေါက်ပွားနိုင်ခြင်း

အစားအစာတွေပုပ်သိုးရခြင်းက အဏုဇီဝပိုးမွှား (Bacteria) တွေကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ ရှင်သန်ဖို့ အသားထဲမှာ Active Water လို့ခေါ်တဲ့ ရေဓာတ်ရှိနေဖို့လိုပါတယ်။ Curing နည်းစနစ်က အဲ့ဒီရေဓာတ်ကိုအနိမ့်ဆုံးအထိ ဆွဲချပစ်လိုက်တဲ့အတွက် ဘက်တီးရီးယားတွေလုံးဝ မရှင်သန်နိုင်တော့ဘဲ ရေခဲသေတ္တာမရှိတဲ့ ခေတ်ကတည်းက အသားတွေကိုလပေါင်းများစွာ ကြာရှည်ခံအောင် သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Curing မှာ နည်းစနစ် (၂) မျိုး

Professional လောကမှာ Curing ကို အဓိက နည်းစနစ် ၂ မျိုး အနေနဲ့ အသုံးချပါတယ်။ Dry Curing နဲ့ Wet Curing (Combination) ဆိုပြီး နည်းစနစ်နှစ်မျိုးဖြစ်ပါတယ်။

1. Dry Curing
အရည်မဲ့ အသုံးချနည်းစနစ်

အသားတုံးကြီးတွေကို ဆား၊ သကြား၊ Pink Curing Salt (Sodium Nitrite) နဲ့ ဟင်းခတ်မွှေးကြိုင်တွေကို အချိုးကျရောပြီး အသားမျက်နှာပြင်တစ်ခုလုံးကို အထူကြီးဖုံးအုပ်နှပ်ထားတာဖြစ်ပါတယ်။ ရက်ပိုင်း သို့မဟုတ် သာမန်ထက် ကြာလာတဲ့အခါ ရေတွေထွက်သွားပြီးအသားကို ဆေးကြောပြီးမှ အပူချိန်နဲ့စိုထိုင်းဆ ထိန်းညှိထားတဲ့ အခန်းထဲမှာ ရက်ပေါင်း ၊ လပေါင်းများစွာ အခြောက်ခံ (Air-dry/Age) ထားရပါတယ်။

Pancetta
အီတလီစတိုင် ဝက်သုံးထပ်သား Cured အသား
ဝက်သုံးထပ်သားကို ဆား၊ ငရုတ်ကောင်းစေ့၊ လေးညှင်းပွင့်တို့နဲ့ Dry Cure လုပ်၊ ပြီးမှ လိပ်ပြီး ကြိုးချည်ကာ ရက်သတ္တပတ်များစွာ အခြောက်ခံထားတဲ့ အသားပါ။

Guanciale (ဂွမ်ချာလီ)
ဝက်ပါးဇောင်သား (Pork Jowl) ကို ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မွှေးကြိုင်တွေနဲ့ သေချာ Curing လုပ်ထားပြီး အဆီဓာတ် အလွန်ကြွယ်ဝတဲ့ အသားဖြစ်ပါတယ်။ (Authentic Carbonara ခေါက်ဆွဲရဲ့ မရှိမဖြစ် ဖြစ်ပါတယ်။)

Prosciutto / Jamón Ibérico
ဝက်ပေါင်ခြံသား တစ်ခုလုံးကို ဆားပုံကြီးထဲမြှုပ်ပြီး လပေါင်းများစွာကနေ နှစ်နဲ့ချီပြီး Dry Cure လုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အသားလွှာများ ဖြစ်ပါတယ်။

Wet Curing / Combination
အရည်ဖြင့် အသုံးချ နည်းစနစ်

ဆားရည်အနှစ် (သို့မဟုတ်) ဆားနဲ့သကြား အချိုးကျရောထားတဲ့ အနှစ်တွေထဲမှာ အသား/ငါးကို ရက်ပိုင်းမျှ ခေတ္တနှစ်စိမ်ပြီး ရေဓာတ်အချို့ထုတ်၊ အရသာ သိပ်သည်းစေတဲ့ နည်းစနစ် ဖြစ်ပါတယ်။
ရေရှည်အခြောက်ခံဖို့ထက် အရသာနဲ့ Texture သိပ်သည်းဖို့ကိုပဲ ဦးတည်ပါတယ်။

Salmon Gravlax
နော်ဒစ်စတိုင် ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးအသားလွှာကို ဆား၊ သကြား၊ ငရုတ်ကောင်းဖြူနဲ့ Dill (ဇီယာရွက်) အများကြီးအုပ်ပြီး အပေါ်ကနေ လေးတဲ့အရာဖိကာ ရေခဲသေတ္တာထဲမှာ ၃၆ နာရီကနေ ၄၈ နာရီအထိ Curing လုပ်ရပါတယ်။ ဆယ်လ်မွန်ထဲက ရေတွေထွက်သွားပြီး ငါးသားက ကတ္တီပါသားလို စေးပိုင်ကျစ်လျစ်ပြီး အိစိမ့်သွားတဲ့အတွက် မီးသုံးစရာမလိုဘဲ ပါးပါးလှီးပြီး တိုက်ရိုက် သုံးဆောင်ရတဲ့ Fine Dining Appetizer အလန်းစား ဖြစ်ပါတယ်။

"ရိုးရိုး Brining ဆိုတာ အသားထဲကို ရေဓာတ်စိမ့်ဝင်စေပြီး 'အရည်ရွှမ်းခြင်း (Juiciness)' ကို ဖန်တီးတာဖြစ်ပြီး၊ Curing ကတော့ အသားထဲက ရေဓာတ်ကို အပြင်ထုတ်ပြီး 'အရသာ သိပ်သည်းကျစ်လျစ်ခြင်း (Concentrated Umami)' ကို ဖန်တီးတဲ့ အဆင့်မြင့် အချက်အပြုတ် အနုပညာ ဖြစ်ပါတယ်။"

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



4. Velvet Brine Long-term/Slow Cookingအသားတုံးကြီးတွေကို Baking soda နှင့် ဆားရည် (Wet brine) ထဲမှာ နာရီပေါင်းများစွာ စိ...
08/07/2026

4. Velvet Brine
Long-term/Slow Cooking

အသားတုံးကြီးတွေကို Baking soda နှင့် ဆားရည် (Wet brine) ထဲမှာ နာရီပေါင်းများစွာ စိမ်ပြီးမှ အချိန်အကြာကြီး Slow cook/Braise လုပ်တဲ့စနစ်ကို ဆိုလိုတာပါ။ အတွင်းပိုင်း အသားမျှင်တွေ အပူကြောင့် ကျုံ့မဝင်အောင် ဓာတုဗေဒနည်းအရ ပြောင်းလဲခြင်းနည်းလမ်းကို ဆိုလိုတာပါ။ ဆားအသုံးပြုတဲ့ Wet Brine နဲ့ မလွဲသွားစေဖို့တော့ သတိချပ်ဖို့လိုပါတယ်။

အသုံးများတဲ့ Velvet Brine Standard Formula ကတော့ အသားအလေးချိန်အပေါ်မူတည်ပြီး
• အသား (Meat): 100 %
• ရေ (Water): 50 % (အသားအလေးချိန်ရဲ့ တစ်ဝက်)
• ဆား (Salt): 1.5 % မှ 2 % (အသားထဲအထိ အငန်ဓာတ် စိမ့်ဝင်ဖို့ အကောင်းဆုံးအချိုး)
• Baking Soda (Bicarbonate): 0.5 % မှ 0.75 %

(အသားမျှင်တွေကို နူးညံ့စေပြီး pH တက်စေဖို့ တိကျရမယ့် ပမာဏပါ၊ 1 % ကျော်သွားရင် ဆပ်ပြာနံ့လို ခါးသက်သက် အရသာ ထွက်တတ်ပါတယ်)

• သကြား (Sugar - Optional): 1 % (အရသာ Balance ဖြစ်ပြီး Maillard Reaction အတွက်)

Formula ပုံစံချရပြရင်

Meat (အသား) 100 %
Water (ရေ)50 %
Salt (ဆား) 1.5 % မှ 2 %
Baking Soda (မုန့်ဖုတ် ဆော်ဒါ) 0.5 % မှ 0.75 %

အသားကို Brine solution အရည်ထဲမှာ အနည်းဆုံး ၄ နာရီကနေ တစ်ညသိပ်အထိ နှပ်ထားရပါမယ်။ ပြီးရင် Slow Cook (Braise သို့မဟုတ် Smoked) လုပ်တဲ့အခါ အသားထဲက ပရိုတင်းတွေ ကျုံ့မဝင်တော့ဘဲ အရည်ရွှမ်းပြီး နူးအိနေတာကို တွေ့ရပါလိမ့်မယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



07/07/2026

စာဖတ်ရတာ အချိန်မပေးနိုင်သူတွေအတွက်





3. Velvet Brine Short-term/Fast Cookingအာရှစတိုင် Velvet Brine ကို ဆိုလိုတာပါ။ ရှာဖွေတွေ့ရှိမှုမှာ စတင်အသုံးပြုတာက တရုတ်...
06/07/2026

3. Velvet Brine
Short-term/Fast Cooking

အာရှစတိုင် Velvet Brine ကို ဆိုလိုတာပါ။ ရှာဖွေတွေ့ရှိမှုမှာ စတင်အသုံးပြုတာက တရုတ်ပြည်က ဆင်းသက်လာတယ်လို့ ဖော်ပြကြပါတယ်။ အသားကို ပါးပါးလှီး၊ ကော်မှုန့်၊ ကြက်ဥအကာ၊ ဆား၊ Baking soda အနည်းငယ်နဲ့ နယ်ပြီး ဆီပူ/ရေနွေးပူ ဖြတ်ပြီး Quick Stir-fry လုပ်တဲ့စနစ်ပါ။ အပြင်ကနေ အစိုဓာတ်ကို Barrier နဲ့ ပိတ်ဆို့ခြင်းနည်းလမ်းကိုဆိုလိုတာပါ။

ကိုယ်တွေ့ အတွေ့အကြုံ။ ဟိုတယ်တလုံးမှာ Executive Level တွေက နေ့လယ်စာအတွက် ဘာစီစဥ်ပေးနိုင်မလဲဆိုပြီး မေးလာပါတယ်။ မစားတဲ့အသားဘာရှိလဲမေးတော့ ဘာမှမရှိဘူး အကုန်စားတယ်ဆိုတာနဲ့ ဝက်သားနဲ့ ပန်းငရုတ်ပွကြော်စားမလားလို့ မေးတဲ့အခါ သူတို့အရင်ကစားနေတာတွေက မာတဲ့အကြောင်းပြောပါတယ်။ တခြားဟာ ဘာရှိသေးလဲမေးပါတယ်။

သူတို့အရင်ကစားတယ်ဆိုတာက ကိုယ်တာဝန်မယူရသေးခင်ကအချိန်ကို ပြောတာပါ။
အဲ့ဒါနဲ့ပဲ ဝက်သားနဲ့ ပန်းငရုတ်ပွကြော်ကိုပဲ စားကြည့်ဖို့ပြောလိုက်ပါတယ်။ စားပြီးတဲ့အခါမှ မှတ်ချက်ပေးဖို့ တောင်းဆိုလိုက်တယ်။ သူတို့ဆီက Okay ဆိုတော့ ကြော်ပေးလိုက်တယ်။ စားနေရင်းသူတို့ပြောတာက ဝက်သားရောဟုတ်လို့လားတဲ့ ကြက်သားကိုမဟုတ်လားတဲ့။ ဝက်သားပါဆိုတော့ အရင်က စားတာအရမ်းမာတယ်ဆိုတဲ့ မှတ်ချက်ပဲ ပေးပါတယ်။ အဲ့ဒါနဲ့ရှင်းပြလိုက်ပါတယ်။ Recipe တူနေပါစေအုံးတော့ Technique မတူရင် ဟင်းပွဲအရသာ ကွဲပြားပါတယ်လို့ ရှင်းပြတော့ လက်ခံသွားတယ်။ အဲ့ဒီနေ့က သုံးလိုက်တဲ့ Technique က Velvet Brine Technique ကို သုံးလိုက်တာပါ။ အသားကို ပါးပါးလှီးတာဖြစ်ဖြစ် အချောင်းလှီးတာဖြစ်ဖြစ် ကော်မှုန့်၊ ကြက်ဥအကာ၊ ဆား၊ ဆီ၊ Baking soda အနည်းငယ်နဲ့ နယ်ပြီး ဆီပူ/ရေနွေးပူ ဖြတ်ပြီး Quick Stir-fry လုပ်တဲ့စနစ်ပါ။ တကယ်တော့ အဲ့ဒီနေ့က Baking Soda မသုံးလိုက်ပါ။ အပူ ချိန်းချုပ်ခြင်းနည်းကို သုံးခဲ့လိုက်တာပါ။ အပူချိန်အရမ်းများရင် Protein တွေ ကျစ်လစ်သွားစေတာကြောင့် အပူချိန်ကို ဂရုစိုက်ပြီးထိန်းချုပ်ခဲ့ပါတယ်။ ပြောချင်တာက Chef တွေအနေနဲ့ Technique အပိုင်းကို အမြဲလေ့လာနေသင့်တယ်ဆိုတဲ့အကြောင်းပါပဲ။

Technique အပိုင်းမှာ သုံးပိုင်းရှိပါတယ်။

စာတွေ့ကပြောတဲ့ Technique ၊
Skill ကြောင့် နားလည်သွားတဲ့ Technique ၊
Experience ကြောင့် ရလိုက်တဲ့ Techniques ဆိုတာပါပဲ။ Chef တွေ ဘာ့ကြောင့် အသက်အရွယ်ရလာလေလေ ပိုတန်ဖိုးကြီးသလဲဆိုတာက ဖြတ်သန်းလာတဲ့အတွေ့ကြုံတွေထဲက သင်ခန်းစာယူခဲ့ရတာတွေ အမျိုးမျိုး စမ်းသပ်ပြီးမှ ရခဲ့တဲ့ Technique တွေကြောင့်ပါပဲ။

(မှတ်ချက်။ အမြဲလေ့လာနေတဲ့ အသက်မွေးဝမ်း‌‌ကျောင်းကို ချစ်တဲ့သူတွေကိုသာ ဆိုလိုတာပါ။)

မလေ့လာဘဲ အသက်ကြီးသွားရင်တော့ ဘာမှထူးခြားတိုးတက်လာတာမျိုး ရှိနေမှာမဟုတ်ပါဘူး။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



2. Wet Briningဆားရည် (Brine solution) ထဲမှာ စိမ်ပြီး အစိုဓာတ်နဲ့ အရသာကို မျှတစေခြင်း။ Dry Brining က အသားရဲ့ အပြင်မျက်နှာ...
03/07/2026

2. Wet Brining
ဆားရည် (Brine solution) ထဲမှာ စိမ်ပြီး အစိုဓာတ်နဲ့ အရသာကို မျှတစေခြင်း။ Dry Brining က အသားရဲ့ အပြင်မျက်နှာပြင်ကို ခြောက်သွေ့ကြွရွစေဖို့ ဦးတည်ပြီး Wet Brining ကတော့ အသားရဲ့ အတွင်းပိုင်း ဆဲလ်တွေအထိ ရေဓာတ် (အစိုဓာတ် အပြည့်ဆုံးနှင့် အနူးညံ့ဆုံး) ဖြစ်အောင် လုပ်ဆောင်တဲ့ နည်းစနစ် ဖြစ်ပါတယ်။

Osmosis / Equilibrium
ရေဓာတ် စတင်စီးဝင်ခြင်း
ဆားရည်ရဲ့ သိပ်သည်းဆက အသားထဲက အရည်တွေရဲ့ သိပ်သည်းဆထက် မြင့်နေပါတယ်။ ဒါပေမဲ့ ဆားရည်ထဲမှာ ရေအမြောက်အမြား ပါဝင်နေတဲ့အတွက် သဘာဝတရားရဲ့ မျှခြေညှိခြင်း (Equilibrium) စည်းမျဉ်းအရ ဆားဓာတ်နဲ့အတူ ရေမော်လီကျူးတွေဟာ အသားရဲ့ ဆဲလ်နံရံတွေကို ဖြတ်သန်းပြီး အသားအတွင်းပိုင်းထဲအထိ တိုးဝင်စိမ့်ပျံ့ (Diffusion) သွားပါတယ်။

Denaturation
အသားမျှင်များ ပွင့်ပြီး ရေဆွဲထိန်းခြင်း
အသားထဲကို ရောက်သွားတဲ့ ဆားအိုင်းယွန်း (Salt ions) တွေက အသားရဲ့ တင်းကျပ်နေတဲ့ ပရိုတင်းမျှင် (Muscle proteins - Myosin) တွေကို ဓာတ်ပြုပြီး ပြေလျော့ပွင့်ထွက်သွားအောင် (Denature ဖြစ်အောင်) လုပ်လိုက်ပါတယ်။ ပရိုတင်းမျှင်တွေ ပွင့်သွားတဲ့အတွက် အသားထဲမှာ ရေဓာတ်တွေ ခိုအောင်းနိုင်မယ့် Spongy matrix တွေ အများကြီး ဖြစ်ပေါ်လာပြီး ရေဓာတ်ကို ပိုမို အဆမတန် စုပ်ယူ သိုလှောင်လိုက်ပါတယ်။

Maximum Moisture Retention
အစိုဓာတ် ထိန်းချုပ်လိုက်ခြင်း
ဒီနည်းစနစ်ကြောင့် Wet Brined လုပ်ထားတဲ့ အသားဟာ သူ့ရဲ့ မူရင်းအလေးချိန်ထက် 10% မှ 15% အထိ ရေဓာတ်ပိုမို စုပ်ယူထားနိုင်စွမ်း ရှိသွားပါတယ်။ ချက်ပြုတ်တဲ့အခါ အပူကြောင့် ရေဓာတ်အချို့ ဆုံးရှုံးသွားရင်တောင် ကြိုတင်စုပ်ယူထားတဲ့ ရေဓာတ်တွေ ရှိနေတဲ့အတွက် အသားက ပုံမှန်ထက် ပိုမို အရည်ရွှမ်းပြီး ကျုံ့မသွားဘဲ ဖောင်းအိနေတာ ဖြစ်ပါတယ်။
Wet Brining က သဘာဝအတိုင်းအဆီနည်းပြီး ချက်လိုက်ရင် ခြောက်ကပ် (Lean & Dry) သွားတတ်တဲ့ အဖြူရောင်အသား (White Meat) တွေနဲ့ ပင်လယ်စာတွေအတွက် တကယ့်ကိုစနစ်ကျနဲ့ နည်းစနစ် ဖြစ်ပါတယ်။

Southern Fried Chicken
အမေရိကန် တောင်ပိုင်းစတိုင် ကြက်ကြော်
ကြက်သားအတုံးတွေကို မကြော်ခင် ဆား၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ Buttermilk သို့မဟုတ် ရေနွေးနဲ့ စပ်ထားတဲ့ ဆားရည်ဖျော်ရည်ထဲမှာ ၄ နာရီမှ ၁၂ နာရီအထိ စိမ်ထားရပါတယ်။
ကြက်သားကို မုန့်နှစ်လူးပြီး ဆီပူထဲ အချိန်အကြာကြီး ထည့်ကြော်ရတဲ့အတွက် ပုံမှန်ဆိုရင် ကြက်သားအတွင်းပိုင်းက ခြောက်သွားတတ်ပါတယ်။ ဒါပေမဲ့ Wet Brining ကြောင့် ကြက်သားကို ကိုက်လိုက်တာနဲ့ အပြင်ခွံကကြွပ်ရွပြီး အသားအတွင်းက အရည်ထွက်လာတဲ့အထိ Super Juicy ဖြစ်နေစေပါတယ်။

Brined Pork Chops with Apples
Pork Chop တွေက အဆီနည်းလို့ ဆိုင်တွေမှာစားရင် ပေါ့ဖတ်ဖတ်ကြီး ဖြစ်နေတတ်ပါတယ်။ ဒါကို Apple cider ၊ ဆား၊ ကရဝေးရွက်၊ လေးညှင်းပွင့်တို့ ရောထားတဲ့ Brine ထဲမှာ ၄ နာရီခန့် စိမ်ပြီးမှ Grill သို့မဟုတ် Pan-sear လုပ်ပါတယ်။ ဝက်သားထဲကို ပန်းသီးရဲ့ချိုမွှေးတဲ့ရနံ့နဲ့ ဆားရည်ကအတွင်းပိုင်း ဆဲလ်တွေအထိ ရောက်သွားတဲ့အတွက် ချက်ပြီးတဲ့အခါ ဝက်သားက ဓားနဲ့လှီးရုံနဲ့တင်နူးအိသွားပြီး လျှာပေါ်မှာစိမ့်တဲ့ အရသာကို ပေးစွမ်းပါတယ်။

Brined Jumbo Prawns / Scallops
ပုစွန်နဲ့ Scallops တွေက မိနစ်ပိုင်းလေး လက်လွန်တာနဲ့ ရော်ဘာတုံးလို မာကျစ်သွားတတ်ပါတယ်။ မချက်ခင် ရေခဲရေ၊ ဆား၊ ရှပန်ဝိုင်အဖြူအနည်းငယ်တို့နဲ့ စပ်ထားတဲ့ ဆားရည်အေးအေးထဲမှာ မိနစ် ၂၀ မျှသာ ခေတ္တ Wet Brining လုပ်ထားမယ်ဆို အပူဒဏ်ကြောင့် ပုစွန်သား ကျုံ့မသွားတော့ဘဲ ကျွတ်ကျွတ်အိအိ (Plump & Snap texture) ဖြစ်နေပြီး ပင်လယ်စာရဲ့ သဘာဝ အချိုဓာတ်ကို အမြင့်ဆုံးအဆင့်အထိ ဆွဲထုတ်ပေးပါတယ်။

Wet Brining အပိုင်းကို မျှဝေမှုအပိုင်း ဒီမှာတင်ပြီးဆုံးပါပြီ။ လေ့လာမှုတိုင်း အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အပိုင်း (၃)Technique-Based Seasoningနည်းစနစ်ဖြင့် အရသာသွင်းခြင်းဆားနဲ့ သိပ္ပံနည်းကျ ဖြစ်စဉ်တွေကို အသုံးချပြီး အသားတွေထဲအ...
01/07/2026

အပိုင်း (၃)
Technique-Based Seasoning
နည်းစနစ်ဖြင့် အရသာသွင်းခြင်း

ဆားနဲ့ သိပ္ပံနည်းကျ ဖြစ်စဉ်တွေကို အသုံးချပြီး အသားတွေထဲအထိ အရသာရောက်အောင် ကြိုတင်ပြင်ဆင်တဲ့ အဆင့်မြင့် နည်းပညာတွေ ဖြစ်ပါတယ်။

Technique Base Seasoning တွေကို အောက်ပါအတိုင်း ခွဲခြားတင်ဆက်သွားမှာ ဖြစ်ပါတယ်။
1. Dry Brining
2. Wet Brining
3. Velvet Brine (Short-term/Fast Cooking)
4. Velvet Brine (Long-term/Slow Cooking)
5. Curing
6. Preserving (Salt/Sugar Preservation)
7. Umami Seasoning

Dry Brining အပိုင်းကို စတင်လိုက်ကြရအောင်။

1. Dry Brining
အသားကို ဆားကြိုခတ်ပြီး သဘာဝအရည်တွေကို ပြန်စိမ့်ဝင်စေခြင်း Technique

Steak များတွင် အသုံးပြုခြင်း
Steak ကင်မယ့် အမဲသားတုံး (Ribeye, Striploin သို့မဟုတ် T-Bone) ကို မကင်မီ ၁၂ နာရီမှ ၂၄ နာရီအလို ကတည်းက Kosher Salt ဖြူးပြီး ရေခဲသေတ္တာထဲက Wired Rack (ဇကာ) ပေါ်မှာ ခြောက်သွေ့စေတဲ့ စနစ်တခုဖြစ်ပါတယ်။ အဖုံးမဖုံးပဲလေဟာပြင်မှာထားလိုက်တာက ရေခဲသေတ္တာထဲကလေထုကြောင့် အသားရဲ့ အပြင်ဘက်မျက်နှာပြင်ခြောက်သွားပြီး ဆားရည်တွေအတွင်းထဲစိမ့်ဝင်သွားစေပါတယ်။ ဒယ်အိုးပူပူပေါ် တင်လိုက်တဲ့အခါ မျက်နှာပြင်မှာ ရေဓာတ်မရှိတော့လို့ ဆီပူနဲ့ တိုက်ရိုက်ထိတွေ့ပြီး Maillard Reaction ကို စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်စေကာ မဟော်ဂနီရောင် ကြွရွတဲ့ အပေါ်ယံလွှာ (Deep-Brown Crust) ကို ရရှိစေပြီး၊ လှီးလိုက်တဲ့အခါ အတွင်းက အသားရည်တွေ အပြင်ကို လျှံမထွက်ဘဲ ပန်းရောင်သန်းပြီး အိစိမ့်နေတာကို တွေ့ရမှာပါ။

အရေခွံကြွပ် ကြက် ၊ ဘဲ ၊ ကြက်ဆင်များတင် အသုံးပြုခြင်း
Fine Dining Menu တွေမှာ ကြက် ၊ ဘဲ ၊ ကြက်ဆင် (Turkey) တစ်ကောင်လုံးကို Roast မလုပ်ခင် ၎င်းရဲ့ အသားအလေးချိန်အလိုက် ဆားကို တိတိကျကျ တွက်ချက်ပြီး အရေခွံပေါ်ရော၊ အတွင်းပိုင်းထဲပါ သေချာ ဖြူး/နယ်ရပါတယ်။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၂၄ နာရီကနေ ၄၈ နာရီအထိ အဝတ် ၊ Plastic Flim မအုပ်ဘဲ Air-dry ထားရပါတယ်။ ပုံမှန်ဆိုရင် ကြက်ရင်ပုံသား (Chicken Breast) က ဖုတ်လိုက်ရင် ခြောက်ကပ်ပြီး ဖတ်ဖတ်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ Dry Brining စနစ်က ဆားကို အသားမျှင်တွေထဲအထိ ရောက်အောင် စိမ့်ဝင်သွားလို့ Oven ထဲမှာ အချိန်ကြာကြာ ဖုတ်ရင်တောင် ရင်ပုံသားကအစ အရည်ရွှမ်း (Juicy) နေပြီး၊ အပြင်ဘက်က အရေခွံကိုတော့ ကြွပ်ရွနေစေပါတယ်။

ဝက်သုံးထပ်သား မီးကင် / ဝက်နံရိုးကင်
ဝက်သုံးထပ်သား (Pork Belly) သို့မဟုတ် ဝက်နံရိုးတွေရဲ့ အသားပိုင်းကို ဆားခတ်၊ အပေါ်ယံအရေခွံကို ဓားဦးချွန်နဲ့ အပေါက်သေးသေးလေးတွေ အများကြီးဖောက်ပြီး ဆားအကြမ်းတွေ ဖြူးကာ ၁ ရက် သိပ်ထားကြပါတယ်။

(မှတ်ချက်။ မတူတဲ့ နည်းပညာတရပ်ဖြစ်ပါတယ်။ Technique အားလုံး Chef တွေ အကြိုက်အလိုက် အပြောင်းလဲ အမျိုးမျိုးရှိကြပါတယ်။ အခြေခံ Technique တခုအရ ထည့်သွင်းစဥ်းစားနိုင်ဖို့အတွက် ဖော်ပြခြင်းဖြစ်ပါတယ်။)

ဝက်သားက သဘာဝအတိုင်း အဆီနဲ့ ရေဓာတ် ပေါများလို့ ချက်ရင် ဖျော့တော့တော့ ဖြစ်တတ်ပါတယ်။ ဆားက အရေခွံထဲက ရေဓာတ်ကို အကုန်ဆွဲထုတ်ပစ်လိုက်တဲ့အတွက် ချက်ပြုတ်လိုက်တဲ့အခါ ဝက်ရေခွံက ဖောင်းကြွပြီး ကြွပ်ရွမှုကိုရရှိစေပြီး၊ အသားပိုင်းကတော့ ဝက်ဆီဓာတ်နဲ့ ဆားရည်တို့ ပေါင်းစပ်ပြီး အိဆင်းနေတာ ဖြစ်ပါတယ်။

ဘဲရင်ပုံသား ကင်
ဘဲရင်ပုံသားရဲ့ အဆီလွှာမျက်နှာပြင်ကို စိန်ကွက်ပုံစံဓားရာလေးတွေ ပေးပြီး ဆားခတ်ကာ ၈ နာရီမှ ၁၂ နာရီခန့် Dry Brining လုပ်ရပါတယ်။ ဘဲသားက အနီရောင်အသား (Red meat) အမျိုးအစားဖြစ်ပြီး ညှီနံ့ အနည်းငယ် ပါတတ်ပါတယ်။ Dry Brining လုပ်လိုက်ခြင်းဖြင့် ဘဲအဆီလွှာအောက်က ရေဓာတ်ပိုတွေကို ဖယ်ရှားပေးလို့ ဒယ်အိုးထဲ ကင်တဲ့အခါ ဘဲဆီ (Duck fat) တွေက အရည်ပျော်ထွက်လွယ်ကာ အပြင်ခွံကို ပိုမို ကြွပ်ရွစေပြီး၊ အသားထဲက Gamey flavor (ညှီစို့စို့အနံ့) ကို Mask လုပ်ပေးကာ ဘဲသားကို နူးညံ့လှပတဲ့ Medium-rare အနေအထား ကွက်တိ ရရှိစေပါတယ်။
Dry Brining အပိုင်းတင်ဆက်မှု ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။ လက်တွေ့အသုံးချ နယ်ပယ်မှာ Dry Brining Techniques အပိုင်းလေ့လာမှုက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အပိုင်း (၂)The Aromatics & Enhancersရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း1. Accent Spices (တင်ဆက်ပြီး)2. Flavor ...
29/06/2026

အပိုင်း (၂)
The Aromatics & Enhancers
ရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း

1. Accent Spices (တင်ဆက်ပြီး)
2. Flavor Spices (တင်ဆက်ပြီး)

Infuse Spice အကြောင်း ဆက်လက်‌ဖော်ပြနေတာဖြစ်ပါတယ်။

3. Infused Spices
a. The Sweet Wood & Bark Family ‌(ဖော်ပြထားပြီး ဖြစ်ပါတယ်)

b. The Savory & Herbal Leaves
ဟင်းလျာကို သင်းပျံ့စေသော သစ်ရွက်ခြောက်များ

ဒီနေ့မှာတော့ The Savory & Herbal Leaves အပိုင်းထဲက Herbs အကြောင်းတွေကို ဆက်လက်ဖော်ပြနေတာ ဖြစ်ပါတယ်။

Herbs
1. Dried Herbs
2. Fresh Herbs
3. Herb Oils
4. The 1:3 Rule

Dried Herb အပိုင်းကနေ စတင်ဖော်ပြလိုက်ပါတယ်။
1. Dried Herbs
အခြောက်ခံ ဟင်းခတ်ပင်များ — "The Infusion Base"
Herbs တွေကို အခြောက်ခံ (Dehydrate) လိုက်တဲ့အခါ အရွက်ထဲက ရေဓာတ်တွေ ကုန်ခမ်းသွားပြီး ၎င်းတို့ထဲမှာရှိတဲ့ သဘာဝအမွှေးဆီ (Essential Oils) တွေက သိပ်သည်းဆ အလွန်မြင့်မားသွားပါတယ်။ ဒါပေမဲ့ အဲ့ဒီအမွှေးဆီတွေက ခြောက်သွေ့နေတဲ့ ဆဲလ်နံရံတွေထဲမှာ ပိတ်မိနေတဲ့အတွက် အပူဒဏ်နဲ့ ရေဓာတ် (Liquid) နဲ့ ထိတွေ့ပြီး "ပြန်လည်ပွင့်လာဖို့ (Rehydrate ဖြစ်ဖို့)" အချိန်ယူရပါတယ်။

Hard / Woody Herbs
Rosemary (ရိုစမာရီ)၊ Thyme (တိုင်းမ်)၊ Oregano (အော်ရီဂါနို)၊ Marjoram။ တို့က ပင်စည်မာပြီး အရွက်က အဆီဓာတ်များတဲ့ အပင်မာမျိုးနွယ်တွေ ဖြစ်လို့ အခြောက်ခံဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ဟင်းချက်ခြင်းရဲ့ "အစောပိုင်း သို့မဟုတ် အလယ်အဆင့်" (Early to Middle Seasoning) ကတည်းက ထည့်သွင်းအသုံးပြုကြတာများပါတယ်။ Stew တွေ၊ Long-simmered Sauces (ဥပမာ - ခရမ်းချဉ်သီးဆော့စ်) သို့မဟုတ် အသားနှပ် (Marination) ထဲမှာ ထည့်သုံးကြပါတယ်။ ချက်ပြုတ်ချိန် နာရီဝက်ကနေ နာရီပိုင်းအထိ အချိန်ပေးခြင်းဖြင့် ၎င်းတို့ထဲက မြေကြီးနံ့၊ သစ်တောနံ့ (Woody & Piney Notes) တွေကို အရည်ထဲ စိမ့်ထွက်စေပါတယ်။
ခြောက်နေတဲ့ အရွက်တွေကို အိုးထဲ ဒီအတိုင်း မပစ်ထည့်ပါနဲ့။ လက်ဖဝါးထဲထည့်ပြီး "ဖိခြေပြီးမှ (Crush/Rub)" ထည့်ပါ။ လက်ဖဝါးက အပူနဲ့ပွတ်တိုက်မှုက ပိတ်မိနေတဲ့အမွှေးဆီတွေကို နိုးထပွင့်ထွက်လာစေ တာကြောင့် ဖြစ်ပါတယ်။

2. Fresh Herbs
လတ်ဆတ်သော ဟင်းခတ်ပင်များ — "The Brightening Finish"
Fresh Herbs တွေမှာ ရေဓာတ် 80 % ကျော် ပါဝင်ပြီး ၎င်းတို့ရဲ့ ရနံ့မော်လီကျူးတွေ (မုန်လာဥနံ့၊ Citrus နံ့၊ ပန်းရနံ့ဆန်ဆန် ဒြပ်ပေါင်းတွေ) က အလွန် Volatile ဖြစ်ပြီး နုနယ်လွန်းပါတယ်။ အပူဒဏ်ပြင်းပြင်းနဲ့ ထိတွေ့လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အနံ့တွေ အငွေ့ပျံပျောက်ကွယ်သွားပြီး၊ အရွက်ထဲက Chlorophyll (ကလိုရိုဖီးလ်) တွေ ပျက်စီးကာ လှပတဲ့ အစိမ်းရောင်ကနေ ညိုမည်းညစ်နွမ်းသွားတတ်ပါတယ်။

အမျိုးစားအချို့ကို ဖော်ပြရရင် Cilantro, Basil, Thai Basil၊ Mint၊ Dill, Parsley တို့လို အမျိုးစားတွေ ဖြစ်ပါတယ်။
ဟင်းချက်လို့ လုံးဝပြီးခါနီး မီးပိတ်ခါနီး (သို့မဟုတ်) ပန်းကန်ထဲ ထည့်ပြင်ဆင်မယ့် "Finishing Stage" ကျမှသာ အသုံးပြုကြတာများပြီး Chef တို့ရဲ့ ရွေးချယ်မှုအပေါ်မူတည်ပြီးလည်း ပြောင်းလဲအသုံးချကြပါတယ်။

ဟင်းပွဲရဲ့ နောက်ဆုံးပိတ်မှာ ဖြူးပေးခြင်းဖြင့် လျှာပေါ်နဲ့ နှာခေါင်းထဲကို "လတ်ဆတ်ဆတ် ရနံ့ဗုံး (Aromatic Punch)" အဖြစ် ရိုက်ခတ်စေပြီး၊ ဟင်းရဲ့ အဆီအအီတွေကို ဖြတ်တောက်ပစ်ကာ အရသာကို ချက်ချင်း လင်းလက်ပြတ်သား (Brighten ဖြစ်) သွားစေပါတယ်။

သတိချပ်သင့်တာက ဓားတုံးတုံးနဲ့ မလှီးပါနဲ့။ ဓားမထက်ရင် အရွက်ထဲက ရနံ့တွေက စဉ်းတီတုံးပေါ်မှာတင် ကြိတ်ခြေပျက်စီးသွားပြီး အရွက်တွေမည်းသွားတတ်ပါတယ်။ လတ်ဆတ်ပြီး ချွန်ထက်တဲ့ဓားနဲ့ "တစ်ချက်တည်း ပြတ်အောင် (Clean Cut)" လှီးဖြတ်မှသာ ရနံ့ကပန်းကန်ထဲ ကွက်တိ ရောက်မှာ ဖြစ်ပါတယ်။ လက်နဲ့ဖဲ့ပြီး ရနံ့အပြည့်ဝလိုတာကြောင့် အသုံးချတာမျိုးလဲ ရှိတက်ပါတယ်။

3. Herb Oils
ဟင်းခတ်အမွှေးဆီများ — "The Visual & Liquid Perfume"
ကမ္ဘာ့အဆင့်မီ Professional Fine Dining Kitchen တွေရဲ့ နည်းပညာဖြစ်ပါတယ်။ Fresh Herbs တွေရဲ့ ရနံ့နဲ့ လှပတဲ့ Bright Green (အစိမ်းတောက်တောက်) ကာလာကို ဆီ (Neutral Oil) ထဲကို ကူးပြောင်းပြီး ပြောင်းလဲမှု နှေးကွေးအောင်လုပ် (Preserve) လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဆီက အနံ့နဲ့ အရောင်ကို ရေရှည် ထိန်းသိမ်းပေးတဲ့ Carrier အဖြစ် အလုပ်လုပ်ပါတယ်။
Fresh herbs (ဥပမာ- Basil သို့မဟုတ် Chives) ကို ရေနွေးပူပူထဲမှာ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ခန့် ရေနွေးဖျော (Blanch လုပ်) ပြီး၊ ချက်ချင်း ရေခဲရေထဲပြောင်းထည့် (Shock လုပ်) ရပါတယ်။ ဒီအဆင့်က အရွက်ရဲ့ အစိမ်းရောင်ကို ထိန်းချုပ်လိုက်တာပါ။ ပြီးရင် ရေပြောင်အောင်ညှစ်၊ အနံ့မရှိတဲ့ ဆီ (Grapeseed သို့မဟုတ် Canola) နဲ့ Blender ထဲထည့်ပြီး အရှိန်ပြင်းပြင်းနဲ့ ကြိတ်၊ နောက်ဆုံးပိတ်မှာ ကော်ဖီစစ်စက္ကူ (Coffee filter) သို့မဟုတ် ပိတ်ပါးစနဲ့ ဖြည်းဖြည်းချင်း စစ်ထုတ်လိုက်ရင် နုပျိုလတ်ဆတ်တဲ့ အစိမ်းရောင် Herb Oil ကို ရပါတယ်။
ချက်ပြုတ်တဲ့ အဆင့်မှာ လုံးဝ (လုံးဝ) မသုံးပါဘူး။ ဟင်းပွဲကို Plating ပြင်ဆင်ပြီးတဲ့အခါ Soups တွေရဲ့ အပေါ်ယံ၊ ငါး သို့မဟုတ် အသားကင်တွေရဲ့ ဘေးပတ်ပတ်လည်မှာ "အစက်ကလေးတွေချပြီး (Drizzle လုပ်ပြီး)" အလှဆင်တာ ဖြစ်ပါတယ်။

စားသုံးသူ ပန်းကန်ကို ရှေ့ချလိုက်တာနဲ့ မျက်စိပသာဒဖြစ်စေမယ့် အစိမ်းရောင်ဆွဲဆောင်မှုနဲ့အတူ၊ ဟင်းကို ဇွန်းနဲ့ခပ်စားလိုက်တိုင်း နှာခေါင်းထဲကို သဘာဝအတိုင်း မွမ်းမံထားတဲ့ ရနံ့ရေမွှေး (Liquid Perfume) လိုမျိုး စွဲမက်ဖွယ် ရိုက်ခတ်စေပါတယ်။

Kitchen ထဲက "The 1:3 Substitution Rule" (အစားထိုးခြင်း ဆိုင်ရာ စည်းမျဉ်း) လေးတစ်ခု ထပ်ဖြည့်ပေးချင်ပါတယ်။

4. The 1:3 Rule
ပမာဏ ပြောင်းလဲခြင်း နိယာမ
ဟင်းချက်နည်း စာအုပ်တွေဖတ်တဲ့အခါ Fresh Herb သုံးရမယ့်နေရာမှာ မိမိဆီမှာ Dried Herb ပဲရှိရင်၊ ဒါမှမဟုတ် Dried နေရာမှာ Fresh သုံးရင် ဘယ်လောက်အချိုးအစား သုံးရမလဲဆိုတာ စာဖတ်သူတွေ အမြဲ ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။

Dried Herbs တွေက အနံ့ 3 ဆ ပိုမို သိပ်သည်းကျစ်လျစ်တာကြောင့် စည်းမျဉ်းအရ "Dried Herb ၁ ဆ ဟာ Fresh Herb ၃ ဆ နဲ့ ညီမျှပါတယ်" (1 Tablespoon of Fresh Herbs = 1 Teaspoon of Dried Herbs)။

Herb အပိုင်း မျှဝေခြင်း ဒီမှာတင်ပြီးဆုံးပါပြီ။ နောက်ရက်တွေမှာ အပိုင်း (၃) ရဲ့ Technique-Based Seasoning အပိုင်း ကို ဆက်လက်မျှဝေပါ့မယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အပိုင်း (၂)The Aromatics & Enhancersရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း1. Accent Spices (တင်ဆက်ပြီး)2. Flavor ...
26/06/2026

အပိုင်း (၂)
The Aromatics & Enhancers
ရနံ့ပေါင်းစပ်ခြင်းနှင့် အရသာမြှင့်တင်ပေးခြင်း

1. Accent Spices (တင်ဆက်ပြီး)
2. Flavor Spices (တင်ဆက်ပြီး)

Infuse Spice အကြောင်း ‌ဖော်ပြနေခြင်းဖြစ်ပါတယ်။
3. Infused Spices
a. The Sweet Wood & Bark Family ‌(ဖော်ပြထားပြီး ဖြစ်ပါတယ်)

ဒီနေ့မှာတော့ The Savory & Herbal Leaves အကြောင်းနဲ့ Spice အမျိုးစားတွေကို ပုံစံခွဲမှာဖြစ်ပါတယ်။

b. The Savory & Herbal Leaves
ဟင်းလျာကို သင်းပျံ့စေသော သစ်ရွက်ခြောက်များ
ဒီအုပ်စုကတော့ အစေ့အဆန် သစ်ခေါက်တွေရဲ့ လေးလံတဲ့ အရသာကြီးကို ပိုမိုပေါ့ပါးပြီး ဆွဲမက်ဖွယ်ကောင်းတဲ့ Herbal/Savory Tone (သစ်ရွက်ရနံ့လွှာ) နဲ့ မျှခြေ (Balance) ပြန်ညှိပေးတဲ့ အမျိုးစား ဖြစ်ပါတယ်။

ကရဝေးရွက်
Bay Leaves
အနောက်တိုင်း Stocks, Soups, Stews တွေကနေ အာရှ (Biryani/Curry) အထိ မရှိမဖြစ်အသုံးပြုကြတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သူက ဟင်းချက်ရင်း ရေနွေးငွေ့တွေနဲ့အတူ Volatile ဖြစ်တဲ့ ရနံ့တွေကို ဖြည်းဖြည်းချင်း ထုတ်ပေးပြီး ဟင်းပွဲကို ပိုမို ခန့်ညားလေးနက် သွားစေပါတယ်။

The Pods & Husks
အခွံနှင့် အစိမ်းရောင်ဆန်းသော အသီးခွံအမျိုးစားများ
အစေ့ကို မဟုတ်ဘဲ ၎င်းကို ဖုံးအုပ်ထားတဲ့ အခွံရဲ့ သဘာဝရနံ့လှိုင်းတွေကို ဆီပူ သို့မဟုတ် အရည်ထဲမှာ အနံ့စိမ့်ဝင် (Infuse) အောင် လုပ်တဲ့ အုပ်စု ဖြစ်ပါတယ်။

ဖာလာစေ့အမည်း
Black Cardamom
ဖာလာစေ့အစိမ်းနဲ့ မတူပါဘူး။ သူက Smoky Note (မီးခိုးမှိုင်းနံ့) ပြင်းပြင်းနဲ့ ကတ္တရာစေးနံ့ဆန်ဆန် လေးနက်မှုကို ပေးစွမ်းနိုင်လို့ အမဲသား၊နဲ့ ဆိတ်သားလို အသားမာဟင်းတွေရဲ့ အညှီနံ့ကို ပြောင်းလဲပစ်နိုင်တဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။

"The Extraction Law" (ဆွဲထုတ်ခြင်း နိယာမ)

The Diffusion Limit
သူတို့က အမှုန့်တွေ မဟုတ်လို့ ဟင်းပွဲထဲကိုအရသာ ချက်ချင်းထုတ်မပေးနိုင်ပါဘူး။ သူတို့ထဲက Essential Oils တွေ ထွက်လာဖို့အတွက် အပူချိန်၊ အစိုဓာတ် (သို့မဟုတ် အဆီ) နဲ့ "အချိန် (Time)" အလုံအလောက် လိုအပ်ပါတယ်။ ဒါကြောင့် သူတို့ကို ဟင်းချက်ခြင်းရဲ့ အစောပိုင်း (သို့မဟုတ်) အလယ်အဆင့် ကတည်းက ထည့်သွင်းပြီး ဖြည်းဖြည်းချင်း အရသာထုတ် (Extract လုပ်) ရတာ ဖြစ်ပါတယ်။

The Removal Rule
Infused Spices တွေက အနံ့ထုတ်ဖို့ပဲ တာဝန်ရှိတာမို့ ချက်ပြုတ်လို့ပြီးတဲ့အခါ စားသုံးသူရဲ့ ပန်းကန်ထဲမှာ ဝါးမိရင် (ဥပမာ - လေးညှင်းပွင့် သို့မဟုတ် ကရဝေးရွက်ကို ကိုက်မိရင်) လျှာပေါ်မှာ အရသာ ပြင်းလွန်းလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် "ရနံ့ထုတ်ပြီးလျှင် ဖယ်ထုတ်ပစ်ရမည်" ဆိုတာ Professional Chef တိုင်း လိုက်နာရတဲ့ အခြေခံစည်းမျဉ်း ဖြစ်ပါတယ်။ "ချွင်းချက်အနေနဲ့ အိန္ဒိယအစားအစာ (ဥပမာ- ရိုးရာဒံပေါက်) တွေမှာတော့ ဒီ Infused Spices တွေကို ဟင်းထဲမှာပဲ တစ်ခါတည်း ထားရှိတတ်ကြလို့ စားသုံးသူက မိမိဘာသာ သတိထားပြီး ဖယ်ထုတ်စားသုံးရတာမျိုးလည်းရှိပါတယ်။"

Spice အမျိုးစားတွေကို ပုံစံခွဲပြရရင်

Accent Spices က Subject
ပုံတစ်ပုံကို ကြည့်လိုက်တာနဲ့ မျက်စိထဲ ပထမဆုံး မြင်ရမယ့်၊ အာရုံစိုက်မှု အားလုံးကို ရယူထားမယ့် ပင်မ "Subject" ဖြစ်ပါတယ်။
ဟင်းပွဲရဲ့ ဒေသန္တရ DNA နဲ့ Identity ကို အဓိက သတ်မှတ်ပေးပြီး နှာခေါင်းထဲကို ပထမဆုံး စူးရှထိုးဖောက် ဝင်ရောက်လာမယ့် ပင်မရနံ့ Profile ဖြစ်ပါတယ်။

Flavor Spices က Shape
Subject တစ်ခုတည်း ရှိနေရင် ပုံက ပေါ့ပျက်ပျက်ကြီး ဖြစ်နေပါလိမ့်မယ်။ Subject ရဲ့ ဘေးပတ်ပတ်လည်မှာ Frame တွေ၊ လိုင်းတွေနဲ့ ပုံပြင်တစ်ပုဒ်ဖြစ်အောင် ပုံသဏ္ဌာန်ဖော်ပေးမယ့် "Shape (ဖွဲ့စည်းမှု)" လိုအပ်ပါတယ်။
ဟင်းပွဲရဲ့ အရသာကို လျှာပေါ်မှာ ဘယ်ဘက်၊ ညာဘက်၊ အလယ် တစ်ပြင်လုံး ကျယ်ပြန့်ဝိုင်းစက်သွားအောင် (Round up ဖြစ်အောင်) ပုံဖော်ပေးပြီး၊ အရသာကို ပိုမိုစုံလင်ဆန်းကြယ်စေမယ့် Depth ကို ဖန်တီးပေးတာ ဖြစ်ပါတယ်။

Infused Spices က Shadow
Subject ရော Shape ပါ ရှိပြီးရင် ပန်းချီကားတစ်ချပ်မှာ (3D Depth) ပေါ်လာဖို့နဲ့ အသက်ဝင်သွားဖို့အတွက် အမှောင်နဲ့ အလင်းကို ခွဲခြားပေးမယ့် "Shadow (အရိပ်)" လို မရှိမဖြစ် လိုအပ်ပါတယ်။

ပန်းချီရေးသလိုပါပဲ
"Professional Kitchen ရဲ့ ဟင်းခတ်အမွှေးအကြိုင် တည်ဆောက်ပုံဟာ ပန်းချီကားတစ်ချပ် ဆွဲသလို၊ ဓာတ်ပုံတစ်ပုံ ရိုက်သလိုပါပဲ။ Subject, Shape, Shadow ဆိုတဲ့ အနုပညာ Fundamental တွေနဲ့ လည်ပတ်နေတာပါ။

မျက်နှာစာမှာ ဦးဆောင်မယ့် Subject (ဇာတ်လိုက်) အဖြစ် Accent Spices တွေကို သုံးရပါတယ်။
အရသာကို ကျယ်ပြန့်ကြွယ်ဝအောင် Shape (ပုံသဏ္ဌာန်) ဖော်ဖို့ Flavor Spices တွေကို နောက်ကွယ်က ပံ့ပိုးစေရပါတယ်။

နောက်ဆုံး ဟင်းပွဲရဲ့ အရသာကို နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ရက်ရှည်စွဲကျန်ရစ်မယ့် Shadow (အရိပ်) အဖြစ် Infused Spices တွေနဲ့ အနက်ရှိုင်းဆုံး အချောသတ်ရတာ ဖြစ်ပါတယ်။"

The Savory & Herbal Leaves နဲ့ Dry Spice အကြောင်းတွေ ဖော်ပြပြီးတဲ့နောက်မှာတော့ Herb အကြောင်ကိုလည်း လာမယ့်ရက်တွေမှာ စောင့်မျှော်ဖတ်ရှုနိုင်ပါပြီ။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။



အိပ်မပျော်တာနဲ့ စာထိုင်ဖတ်နေရင်းတွေ့မိတာက တွေးစရာရသွားတာပဲ။ ကိုယ်ဘယ်နေရာမှာလဲသိထားရင် ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာ ပိုသိနိုင်...
25/06/2026

အိပ်မပျော်တာနဲ့ စာထိုင်ဖတ်နေရင်းတွေ့မိ
တာက တွေးစရာရသွားတာပဲ။ ကိုယ်ဘယ်နေရာမှာလဲသိထားရင် ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာ ပိုသိနိုင်တာပဲ။

- Cooking as a Trade
- Cooking as a Craft
- Cooking as an Art

ဆိုပြီး သုံးမျိုးခွဲညွှန်းတယ်။ ဒီနေရာမှာ Brain Strong လုပ်လို့ကောင်းတာလေး ပြောအုံးမယ်။

ဇိမ်ခံဟိုတယ် အဆင့်ရှိတဲ့ အမှတ်တံဆိပ်ကြီးရဲ့ အောက်က စီးပွါးရေးလုပ်ငန်းကြီး တခုရှိတယ်လို့ မှတ်ထားပါ။

အဲ့ဒီအမှတ်တံဆိပ်ကြီးရဲ့အမိုးအောက်မှာ စီးပွါးရေးလုပ်မယ်ဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ အစားသောက် အသုံးအဆောင်အားလုံး သတ်မှတ်အရည်သွေးမှာ ရှိရမယ်။

အဲ့ဒါတွေကို ကြီးကြပ်တာက အနောက်နိုင်ငံသားတွေ။ လုံးဝ professional ကို ဦးစားပေးသူတွေ။ အမှတ်တံဆိပ်နဲ့ ကိုက်ညီတဲ့ အရည်သွေးမြင့် ပစ္စည်းတွေပဲ သုံးတယ်။

စျေးကွက်အရ ဝင်ငွေနဲ့ ထွက်ငွေမကိုက်တော့ ရင်းနှီးမြှပ်နှံသူနဲ့ စကားသံတွေ ထွက်လာတယ်။ Cost ဆိုတာပဲပေါ့။ စျေးကွက်သေးတဲ့အတွက် အမှတ်တံဆိပ်အနေထားက Craft အရည်သွေးထက် ချခွင့်မရှိဘူး။ ဒါက သတ်မှန်အရည်သွေးပဲ။

အဲ့ဒီလိုနဲ့ Professional ဆိုတဲ့ နိုင်ငံကြီးက ကျွမ်းကျင်ပညာရှင်တွေ ခဏခဏ အပြောင်းလဲလုပ်တယ်ပေါ့။ ဘာ့ကြောင့်လဲ ကုန်ကျစရိတ်ကြောင့်ပါပဲ။ အနောက်နိုင်ငံသားတို့ ထုံးစံအတိုင်း အရည်သွေးနဲ့ professional စိတ်ဓာတ် နဲနဲမှ မလျော့။

အာရှသားတယောက် အဲ့ဒီနေရာ ရောက်လာတယ်။ ကုန်ကျစရိတ်လျော့ချင်တာလား ရတယ် အကုန်လျော့။ ဟင်းတပွဲ ကုန်ကျစရိတ် ၂၀ % နှုန်းလား ၁၅ ဖြစ်အောင်လုပ်။ ၁၅ လည်း ဖြစ်ရမယ် ပိုပြီးလည်း များလာရမယ်။ အဲ့တော့ အရည်သွေးနိမ့်တဲ့ ကုန်ကြမ်းပစ္စည်းတွေသုံးတယ်။ ကုန်ကျစရိတ် လုံးဝ အနဲဆုံးပဲ။

ရင်းနှီးမြှုပ်နှံသူကြိုက်တယ်။ သူလည်းနေရာမြဲတယ်။

စားသုံးသူမှတ်ချက်တွေမှာတော့ ဒီအမှတ်တံဆိပ်နဲ့နေရာက ဒီလိုအရည်သွေးမျိုးနဲ့ ဝန်ဆောင်မှုပေးတာ စားသုံးသူဖက်က ပေးရတာနဲ့ ပြန်ရတာမတန်တော့ ပြသနာတွေတက်။

တချို့အရာတွေမှာ ဘယ်လောက်ပဲ ကျွမ်းကျင်အောင်ချက်တက်နေပါစေ ကုန်ကြမ်းအရည်သွေးနိမ့်ရင် ဘုရားဆင်းကယ်လဲ မရတော့ဘူး။

ဒီလောက်ပဲ သိထားလိုက်ပါ။ အဲ့ဒီအကြောင်းကို Case study လုပ်ကြည့်ရအောင်။

1. အနောက်နိုင်ငံသားနဲ့ အာရှနိုင်ငံသား ဘယ်သူမှန်လဲ။
2. အနောက်နိုင်ငံသားနဲ့ အာရှနိုင်ငံသား ဘယ်သူက ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်အပေါ် သစ္စာဖောက်ပြီး ပညာရပ်အပေါ် ကိုယ်ကျင့်တရား ပျက်ပြားတာလဲ။
3. ကိုယ်ရပ်တည်နေတဲ့ အမှတ်တံဆိပ် ၊ ကိုယ့်အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ ကိုယ့်နေရာတည်မြဲရေးအတွက်လဲလှယ်တာ သို့မဟုတ် ကိုယ့်ကိုယ်ရောင်းစားတာ ဘယ်သူဖြစ်မလဲ။

နဲနဲလေး Brain Strong လုပ်ကြည့်ပါလား။

ပြီးရင် ကိုယ်သာဆိုရင် ဘယ်နေရာမှာ ရှိနေမလဲ ဖြေကြည့်ပါ။

လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။





ပြီးရင် ကိုယ်သာဆိုရင် ဘယ်နေရာမှာ ရှိမလဲ ဖြေကြည့်ပါ။

Address

Abu Dhabi
000000

Website

Alerts

Be the first to know and let us send you an email when Savory Culinary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Savory Culinary:

Share