06/19/2023
ဂဏန်းဗေဒင်ဖြင့် အကျိုးပေးအလုပ်ကို ရှာဖွေနည်း
=================================
ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်က ဘယ်နေ့လဲဆိုတာ သိရင် တစ်သက်တာအကျိုးပေးမယ့် အလုပ်အမျိုးအစားကို သိနိုင်ပါတယ်။ မွေးရက်အပြင် မွေးရက်၊ မွေးလ၊ မွေးနှစ်အားလုံးကို တစ်လုံးတည်း ရအောင် ပေါင်းလို့ရလာတဲ့ ဂဏန်းကလည်း အောင်မြင်ကြီးပွားနိုင်တဲ့ အလုပ်အကိုင်ကို ညွှန်းဆို ဖော်ပြနေပါတယ်။
ဥပမာ - ကမ္ဘာကျော်လူမှုကွန်ရက်မီဒီယာ Facebook ကို တည်ထောင်ခဲ့တဲ့ မက်ခ်ဇူကာဘတ်ဂျ်ဟာ ၁၉၈၄၊ မေလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မွေးနေ့ကို (၁၄) ရက်ကို တစ်လုံးတည်း ရအောင် ပေါင်းရင် (၁+၄ = ၅) ၅ ဂဏန်း ရပါတယ်။
အဲဒီလိုပဲ သူ့ရဲ့ မွေးရက်၊ လ ၊ နှစ် အားလုံး (၁၄ ၊ ၅ ၊ ၁၉၈၄) ကို ပေါင်းကြည့်ရင် (၁၄ + ၅ + ၁၉၈၄ = ၂၀၀၃) ရပါတယ်။ (၂၀၀၃) ကို ပေါင်းရင် (၂ + ၀ + ဝ+ ၃ = ၅ ) ငါးဂဏန်းပဲ ပြန်ရပါတယ်။ အဲဒီတော့ သူဟာ ငါးဂဏန်း နှစ်ခါပြန် စွမ်းအားတွေကို ရရှိနေပါတယ်။ မွေးလကလည်း မေလ (၅) ဂဏန်းပဲ ဖြစ်နေပါတယ်။
ဒါကြောင့်လည်း မတ်ခ်ဇူကာဘတ်ဂျ်ဟာ (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) ရဲ့အစွမ်းကို အပြည့်အဝ ရရှိလာပြီး ကမ္ဘာပေါ်က လူတွေအားလုံးကို ချိတ်ဆက် မိတ်ဖွဲ့နိုင်တဲ့ အကြီးဆုံး လူမှုကွန်ရက် Facebook ကို တည်ထောင်သူ ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဒါနဲ့ပဲ ချမ်းသာကြွယ်ဝတဲ့ ဘီလျံနာကြီး ဖြစ်လာခဲ့ပါတယ်။
ဂဏန်းဗေဒင်မှာ အဲဒီလိုမျိုး ကိုယ်နဲ့ အကျိုးပေးအောင်မြင်မယ့် အလုပ်ကို မွေးရက်ဂဏန်းတွေ ဒါမှမဟုတ် မွေးဖွားတဲ့ ခုနှစ်၊ လ၊ ရက်တွေ အားလုံးပေါင်းခြင်းကနေ ရှာဖွေကြည့်နိုင်ပါတယ်။
(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) - စွန့်ဦးတီထွင်သူတွေ ဖြစ်တယ်။ သူများတွေ မတွေးရဲ မကြံရဲတာတွေ တွေးကြံ လုပ်ကိုင်ရဲတယ်။ ခေါင်းဆောင်မှုအရည်အသွေးက မွေးရာပါ ဖြစ်တယ်။ ဘယ်အလုပ်မျိုးမှာမဆို ရှေ့က ဦးဆောင်သူ၊ ညွှန်ကြားသူတွေ ဖြစ်လာနိုင်တယ်။ ရုံး၊ဌာန၊ ကုမ္ပဏီတွေမှာ စီမံအုပ်ချုပ်မှုပိုင်းတာဝန်တွေ ရယူဖို့ သင့်တယ်။ ရွှေ၊ ကျောက်မျက်ရတနာ၊ ဆန်စပါး၊ ဆေးဝါး စတဲ့လုပ်ငန်းမျိုးတွေမှာလည်း အကျိုးပေးတတ်တယ်။
(၂၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ) - စိတ်ကူးစိတ်သန်းကောင်းပြီး အပျော့ဆွဲနဲ့လုပ်ရတဲ့၊ အနုပညာဆန်တဲ့ လုပ်ငန်းမျိုးတွေမှာ အောင်မြင်တတ်တယ်။ စကားပြောကောင်း၊ စိတ်ကူးဉာဏ် ကြွယ်လို့ ဖန်တီးမှုအားကောင်းတဲ့ သူမျိုးလည်း ဖြစ်တယ်။ သင်တန်းနည်းပြဆရာ၊ အကျိုးဆောင်၊ အကြံပေး၊ သံတမန်လိုအလုပ်တွေနဲ့ သင့်တယ်။ ပြီးတော့ အနုပညာနဲ့ဆက်စပ် အလုပ်တွေ၊ ဖက်ရှင်၊ ဒီဇိုင်းအလုပ်တွေ၊ စာရေးသူတွေလည်း ဖြစ်လာနိုင်တယ်။
(၃၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) - ဖော်ရွှေပြီး ပျော်ပျော်နေတတ်တဲ့၊ သူတပါးကိုလည်း ကူညီတတ်တဲ့သူဖြစ်လို့ လူအများနဲ့ဆက်စပ်တဲ့ အလုပ်တွေနဲ့ အကျိုးပေးတတ်တယ်။ စည်းကမ်းတကျလည်း နေထိုင်တတ်ကြလို့ ပညာရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေမှာ အသားတကျ အောင်မြင်နိုင်တယ်။ ပြီးတော့ သတင်းနဲ့ပြန်ကြားရေးလို အလုပ်တွေ၊ စိတ်ခွန်အားပေးသူတွေ၊ ဥပဒေအကျိုးဆောင်တွေနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ အဆင်ပြေနိုင်တယ်။
(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) - အစဉ်အလာတွေကို ဂရုမစိုက်တတ်သူ၊ လိုက်လျောညီထွေ မနေဘဲ ခေါင်းမာတတ်သူ၊ ခန့်မှန်းရခက်သူတွေ ဖြစ်ပြီး လောင်းကစားတို့၊ စတော့ရှယ်ယာ ကစားတာတို့မှာ အကျိုးပေး အားနည်းသူတွေလည်း ဖြစ်တယ်။ အောင်မြင်နိုင်တဲ့ လုပ်ငန်းတွေကတော့ ဥပဒေပိုင်း၊ သတင်းမီဒီယာအလုပ်၊ အင်ဂျင်နီယာ၊ နည်းပညာရှင်၊ လူမှုအကျိုးဆောင် ပရဟိတသမား ဖြစ်ပြီး အဲဒါတွေနဲ့ အကျိုးပေးတတ်တယ်။
(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) - ပျော်ပျော်နေတတ်သူ၊ လူပေါင်းဆံ့သူ၊ အားလုံးနဲ့ အဆင်ပြေပြေနေနိုင်သူ၊ ဟိုစပ်စပ်ဒီစပ်စပ် နှံ့စပ်သူတွေဖြစ်လို့ အရောင်းနဲ့ ဈေးကွက် ရှာဖွေရေးသမားတွေ၊ လူအများနဲ့ ထိတွေ့ပြောဆို ဆက်ဆံရသူတွေ၊ အနုပညာဖျော်ဖြေရေးသမားတွေ၊ သတင်းမီဒီယာသမားတွေအဖြစ် အောင်မြင်တတ်တယ်။ ကုန်သည်တွေ၊ လောင်းကစားသမားတွေ အဖြစ်လည်း ကြီးပွားတတ်ပေမယ့် သတိထားပြီး လုပ်ကိုင်သင့်တယ်။
(၆၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ) - အားလုံးကို မေတ္တာရှေ့ထား ဆက်ဆံတတ်သူတွေ ဖြစ်သလို ရည်မှန်းချက် ကြီးမြင့်သူတွေလည်း ဖြစ်တယ်။ မိသားစု၊ အသိုင်းအဝိုင်းကြီးတွေ ရှိတတ်ပြီး အားလုံးအတွက် ညှိနှိုင်းပေးသူမျိုး ဖြစ်တယ်။ ဒီဇိုင်နာ၊ ဗိသုကာ၊ အကြံပေးသူ၊ လူထုဆက်ဆံရေး တာဝန်ခံ၊ ဆရာဝန်၊ အနုပညာသမားတွေအဖြစ် အသက်မွေးနိုင်သလို ဇိမ်ခံပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အကျိုးပေးတယ်။
(၇၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) - လူများများနဲ့ မနေတတ်သူ၊ ကိုယ့်ဖာသာ တစ်ကိုယ်ရေ ကြိုးစားတတ်သူ၊ လေ့လာမှုအားကောင်းသူ၊ အတွေးအခေါ်သမားတွေ ဖြစ်လို့ အသစ်အဆန်း ထွင်သူ၊ သုတေသီ၊ သူလျှိုအလုပ်၊ ဆရာ၊ စာရေးသူ၊ ဘာသာရေးနဲ့ ဂမ္ဘီရဆိုင်ရာ အလုပ်တွေက အကျိုးပေး ဖြစ်ထွန်းနိုင်တယ်။ အနုပညာပိုင်းမှာပါ ထူးချွန်တတ်လို့ အဆိုတော်၊ ဂီတအနုပညာရှင် ဖြစ်တတ်တယ်။ သိပ္ပံနဲ့ ဆေးဝါးပညာရှင်လည်း လုပ်နိုင်တယ်။
(၈၊ ၁၇၊ ၂၆ တွင် မွေးဖွားသူများ) - အမြဲတမ်း အလုပ်ကြိုးစားနေသူ၊ နှစ်ခါပြန်မက စဉ်းစားတတ်သူ၊ သည်းခံနိုင် စိတ်ရှည်နိုင်သူ၊ ဇွဲကောင်းသူတွေ ဖြစ်လို့ ငွေကြေး၊ ဘဏ္ဍာရေး စီမံခန့်ခွဲသူ၊ အုပ်ချုပ်မှု တာဝန်ခံ၊ ရင်းနှီးမြှုပ်နှံသူ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးနဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဦးဆောင်သူအဖြစ်နဲ့ အောင်မြင် ကြီးပွားတတ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်း၊ ရေနံလောင်စာနဲ့ တွင်းထွက်သတ္တုတွေကို လုပ်နိုင်ပါတယ်။
(၉၊ ၁၈၊ ၂၇ တွင် မွေးဖွားသူများ) - အတိုက်အခံ လုပ်ဖို့ ဝန်မလေးသူ၊ အမြဲတမ်း လှုပ်ရှားတက်ကြွ ရှင်သန်နေသူ ဖြစ်လို့ လက်နက်ကိုင်အဖွ့ဲအစည်းတွေ၊ အားကစားလုပ်ငန်းတွေမှာ အကျိုးပေး အောင်မြင်တတ်တယ်။ ပြီးတော့ မကြာခဏ အတိုက်အခိုက်တွေ၊ ယှဉ်ပြိုင်မှုတွေ များနေတဲ့ ဈေးကွက်မျိုး၊ လုပ်ငန်းမျိုးတွေမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်။ စက်မှုလက်မှုလုပ်ငန်း၊ ဓာတုဗေဒအလုပ်နဲ့ အိမ်ခြံမြေအလုပ်တွေမှာ အကျိုးပေးနိုင်တယ်။
ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ။
ဧက (ဗေဒင်သုတ)