12/06/2020
ဒီနေ့အတွက် သိကောင်းစရာ (၂၁)
(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၁) ရက်
စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရသင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ (Unsaturated Fats)၊ တတ်နိုင်သမျှလျော့၍စားသုံးသင့်သည့် ပြည့်ဝဆီများ (Saturated Fats)နှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ (Trans Fats) ဟူ၍ (၃)မျိုးရှိပါသည်။
မပြည့်ဝဆီသင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓါတ် (HDL) များကို မြင့်တက်စေပြီး မကောင်းသောအဆီဓါတ် (LDL) များအားလျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့်အမျိုး အစား(၂)ဆီးချိုရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ (ဥပမာ- မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ)
ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်းအဆီဓာတ် (LDL)များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင်အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့်လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ - စားအုန်းဆီ၊ ဆီကြော်အစား အစာများ၊ တိရိစ္ဆာန်မှရသော အဆီများ)
အသွင်ပြောင်းဆီသည် အစားအသောက်များပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသောဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီ (Triglycerides)များကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓါတ် (HDL)ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုများဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အမျိူးအစား (၂)ဆီးချို ရောဂါကိုပါပို၍ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။
(ဥပမာ - အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည် တို့တွင်ပါဝင်သည့်ဆီ)
ပြည့်ဝဆီများကိုတတ်နိုင်သမျှလျော့စား၍ အသွင်ပြောင်းဆီများစားသုံးခြင်းကိုလုံးဝရှောင်ကြဉ်ရမည်ဖြစ်ပါသည်။
, , , #ဒီနေ့အတွက်သိကောင်းစရာ