03/04/2020
GOOD DAY မိတ်ဆွေတွေလည်း ဘယ် ဗီတာမင်နဲ့သတ္တုဓာတ် တွေကိုလိုအပ်နေပါသလဲ သို့မဟုတ် ပိုလျှံနေပါသလဲ ??🤔🤔
ဘယ်လိုအစားစာတွေစားရင် ဗီတာမင်နဲ့သတ္တုဓါတ်ရနိုင်သလို ချိုတဲ့ရင်လည်း ဘယ်လိုဖြစ်နိုင်လဲဆိုတာ သင်သိပြီးပြီလား?
“Micronutrient”
“ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဆိုတာ”
(Part II)
ဒီတစ်ပတ်တော့ Micronutrients လို့ခေါ်တဲ့ခန္ဓာကိုယ်က ပမာဏအနည်းငယ် သာလိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေအကြောင်းပြောချင်ပါတယ်။ သူတို့ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာနဲ့ ဖြည့်စွက်အားဆေးတွေကရယူ နိုင်ပါတယ်။ အများကြီးမလိုအပ်ဘူးဆိုတော့ အရေးမကြီးဘူးမထင်နဲ့နော်။ သူတို့ချို့ တဲ့ပြီဆို ခန္ဓာကိုယ်မှာ ပြဿနာအကြီးကြီးတွေ တက်ပါတယ်။ Micro ဆိုပြီး ပေါ့သေးသေးမထင်ပါနဲ့နော်…ဟင်းဟင်း
ဗီတာမင်တွေမှာရေမှာပျော်ဝင်တာနဲ့အဆီမှာပျော်ဝင်တာ ဆိုပြီး (၂)မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင် B နဲ့ C တွေဟာ ခန္ဓာကိုယ်မှာ လိုတာထက်ပိုလျှံလာရင် ဆီးထဲကတဆင့် ပြန်စွန့်ထုတ်လို့ရပါတယ်။ အဆီမှပျော်ဝင်တဲ့ ဗီတာမင် A,D,E,K ကိုတော့ လိုတာထက်ပိုလျှံလာရင် တချိန်ချိန်မှာပြန်သုံးလို့ရအောင် ကိုယ်ခန္ဓာကသိမ်း ဆည်းထားပါတယ်။ ဒါကြောင့် ဒီဗီတာမင် A,D,E,K တို့ဟာ ကိုယ်ခန္ဓာထဲမှာ ရှိသင့်တာထက် အလွန်အကျွံများလာရင် လူကို ဒုက္ခပေးတဲ့ပမာဏထိရောက်သွား နိုင်ပါတယ်။ သတ္တုဓါတ်တွေဆိုတာကတော့ Calcium Potassium စတဲ့ဓါတ်တွေပါ။
Vitamin A ကိုအသည်း၊ ငါး၊ နို့၊ ပဲနို့၊ အဝါရောင်အသီးအနှံ၊ လိမ္မော်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ အသီးအရွက်တွေက ရနိုင်ပါတယ်။ သူချို့တဲ့ရင်ခန္ဓာကိုယ်မှာ ကြာဖူးလို့ခေါ်တဲ့ ကြမ်းရှရှအပိန့်လေးတွေဖြစ်တာ၊ ညဘက်မမြင်နိုင်တဲ့ရောဂါနဲ့ မျက်သား ခြောက်သွေ့ကွာကျပြီး အမြင်အာရုံမရတော့ တဲ့ထိဖြစ်တာမျိုးတွေရှိ နိုင်ပါတယ်။ အမှောင်ထဲ မြင်နိုင်မှုစွမ်းရည်နှင့်သွား၊ အရေပြား၊ ခန္ဓာကိုယ်ရှိ အမြှေးပါးတွေကို မပျက်စီးအောင် ထိန်းသိမ်းတဲ့နေရာမှာ အရေးပါတဲ့ ဗီတာမင်ပါ။
Vitamin B ကိုတော့ B1,B2,B3,B5,B6,B7,B9,B12 လို့ခွဲထားပါသေးတယ်။
B1 ကို ဝက်သား၊ ဥအမျိုးမျိုး၊ အသည်း၊ ဆန်လုံးညို၊ အသီးအရွက်တွေက ရနိုင်ပါတယ်။ သူချို့တဲ့ရင် Beriberi လို့ခေါ်တဲ့ အာရုံကြောနဲ့ နှလုံးကို ထိခိုက်စေ တဲ့ B1 ချို့တဲ့မှုရောဂါဖြစ်နိုင်ပါတယ်။ B2 ကိုတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ အစိမ်းရောင် အသီးအရွက်၊ ဌက်ပျောသီးတို့က ရနိုင်ပါတယ်နော်။ သူကို လုံလုံလောက်လောက် မစားသုံးရင် လျှာတခုလုံးနီရဲပြီး ယောင်လာတာမျိုး၊ ပါးစပ်နဲ့နှုတ်ခမ်းထောင့်လေးတွေ မှာခြောက်သွေ့ပြီး အနာလေးတွေပေါက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ B3 ဓါတ်ကိုတော့ ဥ၊ အသား၊ ငါးမျိုးစုံနဲ့ အသီးအရွက်တွေကရပါတယ်။ သူချို့တဲ့ရင် Pellagra ခေါ်တဲ့ သေဆုံးမှုထိဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့ ရောဂါတမျိုးရစေပါတယ်။ B5 ကို အသား၊ ဘရိုကိုလီရွက်၊ ထောပတ်သီးတို့ကရပြီးတော့ သူမလုံလောက်ရင်ခြေလက်ထုံကျင်စေ တာမျိုးဖြစ်နိုင်ပါတယ်။ B6 ကိုတော့ အသား၊ အရွက်အမျိုးမျိုး၊ ဌက်ပျောသီးတို့က ရနိုင် ပါတယ်။ B6 ချို့တဲ့မှုကြောင့် သွေးအားနည်းတာ၊ အာရုံကြောအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ B7 ကတော့ ကြက်ဥအနှစ် (အစိမ်း)၊ အသည်း၊ မြေပဲ၊ အစိမ်းရောင် အသီးအရွက်တွေက ရနိုင်ပါတယ်။ လုံလုံလောက်လောက်မစားမိရင်အရည်ပြား ယောင်ရမ်းတာာမျိုးဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းယောင်းရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ B12 ကိုအသား၊ ဥ၊ ငါးအမျိုးမျိုးနဲ့နို့ထွက်ပစ္စည်းတွေကရပါတယ်။ သူချို့တဲ့မှုကြောင့် “Pernicious anemia” ခေါ်တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ B9 ကိုအစိမ်းရောင်အရွက်တွေ ပေါင်မုန့်၊ အုတ်ဂျုံ၊ အသည်းစတာတွေက ရပါတယ်။ သူချို့တဲ့ရင်သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသလို ကိုယ်ဝန်ဆောင်မိခင်တွေမှာ ချို့တဲ့ရင် တော့ ကလေးမှာမွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းတာမျိုးဖြစ်နိုင်ပါတယ်။
Vitamin C ကိုတော့အသီးအရွက်နှင့် သစ်သီးဝလံအမျိုးမျိုး၊ အသည်းတို့ကနေ ရနိုင်ပါတယ်။ Vitamin C ချို့တဲ့ရင်သွားဖုံးသွေးယိုနိုင်ပါတယ်။ ကိုယ်ခံအားကိုအ ထောက်အကူပြုတဲ့ Vitamin ပါ။
Vitamin D ကတော့ ငါး၊ ဥ၊ အသည်းနဲ့မှိုတွေက ရပြီးသူချို့တဲ့ရင်တော့အရိုး ပျော့ရောဂါ ဖြစ်နိုင်ပါတယ်။ အရိုးကျိုးလွယ်နိုင်ပါတယ်။ အရိုးပျော့ခွေပြီး ပုံပျက်တာမျိုးတွေမှာဖြစ်စေပါတယ်။
Vitamin E ကတော့ အသီးအနှံနဲ့ အသီးအရွက်အမျိုးမျိုး၊ အစေ့အဆံအမျိုး မျိုး၊ ကနေရနိုင်ပါတယ်။ သူချို့တဲ့လို့ ရောဂါရတယ်ဆိုတာရှားပါတယ်။ အသားအရည် နဲ့ဆံပင်အတွက် အရေးပါပါတယ်။
Vitamin K ကတော့ အစိမ်းရောင်အသီးအရွက်ကရတယ်။ သူကိုလုံလောက် အောင်မစားရင် ခန္ဓာကိုယ်မှာ သွေးထွက်သွေးယိုလွယ်တာမျိုးတွေ့ရနိုင်ပါတယ်။
Vitamin တွေကိုလုံလုံလောက်မစားရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ သူတို့က အရင်တခါပြောခဲ့တဲ့ Macronutrient တွေဖြစ်တဲ့ အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ် တွေကိုစားသုံးပြီးချိန်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်အနေနဲ့ ပြောင်းသုံးဖို့ နေရာမှာ ပါဝင်ကူညီသေးလို့ပါ။
ဒါဆိုအပေါ်ကပြောခဲ့တဲ့ ချို့တဲ့ရင်ဖြစ်မယ့်ဆိုးကျိုးတွေကို ကြောက်ပြီး ဗီတာမင် တွေရသလောက်ဝုန်းကြစို့ဟေ့ ဆိုပြီး ဖြည့်စွက်အားဆေးတွေအပီအပြင် ဆွဲတော့ မယ်ဆိုရင် Dr.chit ကတော့ “No” ပါလို့ပြောချင်ပါတယ်။ နေကြပါဦးနော်
ကျန်းမာနေတဲ့ လူတစ်ယောက်ဟာ သင့်တင့်မျှတတဲ့ အာဟာရကိုစားသုံးမယ် ဆိုရင် (အသီးအရွက်၊ အသား၊ ငါး၊ ဥ၊ ပဲ၊ နို့ စုံလင်မျှတအောင်စားပေးမယ်ဆိုရင်) ဗီတာမင်ကိုဆေးနဲ့ ဖြည့်စွက်စရာမလိုပါဘူးနော်။ တန်ဆေးလွန်ဘေး ဆိုသလိုပဲဗီတာ မင်တွေမှာလည်း အလွန်အကျွံသိုလှောင်စားသုံးမိရင်ဖြစ်မယ့်ဆိုးကျိုးတွေရှိပါတယ်။
ဗီတာမင် အလွန်အကျွံခန္ဓာကိုယ်တွင်းများပြားလာလျှင်
A မျက်စီမှုန်ဝါး၊ အသည်းထိခိုက်၊ အသားအရည်
အဝါရောင်သန်းလာ
B1 အားအင်နုံးချိခြင်း
B3 အသည်းထိခိုက်
B5 ရင်ပူနာ၊ ဝမ်းသွားခြင်း
B6 အာရုံကြောထိခိုက်ခြင်း
B12 ဝက်ခြံလိုအနီဖုတွေထွက်တာ
D လူနုံးချိခြင်း၊ အန်ခြင်း
E နှလုံးထိခိုက်စေနိုင်ခြင်း
ဒီလိုဆိုးကျိုးတွေရနိုင်လို့ ပိုတိုင်းလည်း မကောင်းပါဘူးနော်။ ဒါကြောင့် ဗီတာမင် အားဆေးသောက်ချင်တယ်ဆိုရင် ကိုယ့်အတွက် အမှန်တကယ်လိုအပ်မယ့် ဗီတာမင် အမျိုးအစာကိုပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်သောက်သုံးသင့်ပါတယ်။ ကိုယ့် သဘောနဲ့ကိုယ်မသောက်စေချင်ပါဘူး။
သက်သတ်လွတ်စားသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အစားရှောင်ကြသူတွေကတော့ အစာအာဟာရမှာ ဗီတာမင် စုံလင်အောင် ပါဖို့မလွယ် တာမို့ (သို့) ခါတိုင်းထက်ပိုလိုအပ်တဲ့ အခြေအနေမို့(ဥပမာ- ကိုယ်ဝန်ဆောင်နဲ့နို့တိုက် မိခင်တွေ) ဗီတာမင်အားဆေးသောက်ဖို့ လိုမလိုကို ဆရာဝန်နဲ့ ဆွေးနွေးပြီး လိုမယ်ဆိုသောက်လို့ရပါတယ်နော်။ သတ္တုဓါတ်တွေဟာလည်း ဒီနည်းအတိုင်းပါပဲ။ တန်ဆေးလွန်ဘေးဆိုသလို ပိုလွန်းရင်မကောင်းပါဘူးနော်။
နောက်ထပ်အရေးကြီးတဲ့အာဟာရကတော့ “ ရေ” ပါ။ နေ့တိုင်းသတိမမူဘဲ ဒီလိုဘဲသောက်နေမိပေမယ့် သူလေးကလည်းတော်တော် အရေးပါပါတယ်နော်။ ခန္ဓာကိုယ်မှာ ရေဓါတ်ခန်းခြောက်လာရင် လူက အပင်ပန်းမခံနိုင်ဘဲ အားအင်နည်းနုံးချိ သလိုခံစားရပါလိမ့်မယ်။ အသားအရည်ခြောက်သွေ့လာသလို မျက်ကွင်းတဝိုက်ညိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။ အလွန်အမင်းနည်းလာရင်တော့ မူးဝေလာတဲ့အထိ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က ရေဓါတ်ကို အစားအစာနဲ့သောက်စရာ (ရေ၊ အချို၊ ဟင်းချို) တွေကရပါတယ်။ ဒါပေမယ့် ခုလူသောက်များနေတဲ့ အချိုရည်ဘူး၊ ကော်ဖီ၊ လက်ဖက်ရည်ချိုတို့ဟာ အချိုဓါတ်များပြားမှုကြောင့် ရေဓါတ်ကိုပြန်လည် ဆုံးရှုံးစေတဲ့ အတွက် ရေဓါတ်ပြည့်ဝပြီး လန်းဆန်းနေစေဖို့ဆို “ ရေ” သန့်သန့်လေး ကသာအကောင်းဆုံးပါ။
ဒါဆို ဘယ်လောက်သောက်ရမလဲ? တစ်နေ့ကိုအမျိုးသားတစ်ဦးဟာ ရေဓါတ် ၃လီတာလောက် သောက်သးုံသင့်ပြီး အမျိုးသမီးတစ်ဦးဟာ ၂လီတာ ခွဲလောက် ပျမ်းမျှ သောက်သုံးသင့်တယ်တဲ့နော်။
ခုဆို သင့်တင့်မျှတတဲ့ အာဟာရဆိုတာဘာလဲ လို့သဘောပေါက်သွားကြပြီ ထင်တယ်နော်။ အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို မျှမျှတတစုံစုံလင်လင်စားမယ်ဆို ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ အဓိက တော့ အသီးအရွက်၊ အသား၊ ငါး၊ ဥ၊ ပဲ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသုံးတဲ့ အာဟာရထဲမျာ မျှမျှတတထည့်ပေးရမှာပါ။
ရောဂါတစ်ခုခုရှိသူများကလည်း ကိုယ့်ရောဂါအတွက် ဆောင်ရရှောင်ရမယ့် အစားအစာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသင့်ပါတယ်နော်။
အားလုံးပဲ Balanced Diet နဲ့ Balanced Lifestyle ကို အဆင်ပြေပြေ ရရှိနေ ထိုင်နိုင်ကြပါစေနော်။
Dr. Chit
Star Phone Application မှာလဲ တင်ရောက်လေ့လာနိုင်ပါပြီ......
Application ရယူရန်:
iOS - https://apple.co/2AdNmqC
Android - http://bit.ly/2CHFRKQ
#