12/01/2026
'' မွေခံထိုက်စေ...''
အမေဆုံးတော့ ကျွန်တော်အနားမှာ မရှိပါဘူး။ ဒါပေမယ့် အမေ့ရဲ့ ဈာပနကို ဒေါ်လာ ၃,၀၀၀ တန် ဝတ်စုံအပြည့်နဲ့ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။
ဇိမ်ခံကားအနက်ကြီးကို စီးပြီး ကျွန်တော် ရုန်းထွက်လာခဲ့တဲ့၊ အိမ်ဟောင်းလေးဆီကို ရောက်လာခဲ့တာပါ။
မျက်ရည်တစ်စက်မှ မကျသေးတဲ့ မျက်လုံးတွေကို ဖုံးကွယ်ဖို့.....အမဲရောင် တန်ဖိုးကြီးမျက်မှန်ကို တပ်ထားပါတယ်။
ကျွန်တော့်ကိုယ်ကျွန်တော် "သူရဲကောင်း"၊ "မိသားစုကို ကယ်တင်တဲ့သူ"၊ "အောင်မြင်နေတဲ့ဘဝကို တည်ဆောက်နိုင်တဲ့သူ" လို့ ခံယူထားခဲ့တာပါ။
လွန်ခဲ့တဲ့၁၅ နှစ်လုံးလုံး ချီကာဂိုမှာ နေထိုင်ပြီး၊ အပြောင်းအရွှေ့ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာပါ။
အောင်မြင်မှုလည်း အတော်အသင့်ရနေပါပြီ။ မြို့ငယ်လေးကနေ ထွက်လာကတည်းက အမေနဲ့အတူ ကျန်ခဲ့တဲ့ ညီဖြစ်သူ ''ဒေးဗစ်'' - David ဆီကို တစ်လ ဒေါ်လာ ၂,၀၀၀ ပုံမှန် ပို့ပေးခဲ့ပါတယ်။
" ငါ့ကြောင့် သူတို့ အိမ်သုံးစရိတ်တွေ ပူစရာမလိုတာ'' ၊ ''ငါ့ငွေတွေကြောင့် အမေလည်း အစားကောင်းတွေ စားရတာ'' ဆိုပြီး ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို "သားအလိမ္မာလေး" တစ်ယောက်လို့ ယုံကြည်နေခဲ့မိပါတယ်။
ဈာပနပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ၊ ကျွန်တော့်ရဲ့ ညီဖြစ်သူကို အပြစ်ရှာတာတွေ စလာပါတော့တယ်။
ဒါကလည်း အိမ်ကနေထွက်သွားခဲ့တဲ့သူတွေ၊ အိမ်ပြန်ရောက်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်တစ်ခုပါပဲ။
ကိုယ်ထွက်လာခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝ၊ အခြေအနေတွေကို သတိမရတော့ဘဲ၊ အခုမှ အလည်ရောက်လာတဲ့ လူတစ်ယောက်လို ဝေဖန်သုံးသပ်တဲ့ မျက်လုံးတွေနဲ့ အိမ်ကို ပြန်ကြည့်တတ်ကြတာပါ။
"ဒေးဗစ်...'' မီးဖိုချောင်တံခါးပေါက်ကနေ အပြင်ကိုကြည့်ရင်း ကျွန်တော် ပြောလိုက်ပါတယ်။
" ခြံထဲမှာ ဘာလို့ ဒီလောက် ရှုပ်ပွနေတာလဲ ? မြက်တွေလည်း ခြောက်ကပ်နေတာပဲ။နွေရာသီတုန်းက ခြံပြင်ဖို့ အတွက် ငါပိုက်ဆံသပ်သပ် ပို့ပေးထားတယ် မလား...'' လို့ ကျွန်တော် ပြောလိုက်ပါတယ်။
လူသွားလမ်းအနီးက အိမ်ရဲ့ နံရံကို လက်နဲ့ပွတ်ကြည့်လိုက်ရင်း.....
"ဆေးတွေလည်း ကွာကျနေပြီ။ လူခေါ်ပြီး ပြင်ခိုင်းပါလို့ ငါပြောထားတာ လပေါင်းတော်တော်ကြာနေပြီ။ ဘာမှလည်း ပြင်မထားဘူး။ ငါပို့လိုက်တဲ့ ပိုက်ဆံတွေ မင်း ဘာလုပ်ပစ်လိုက်လဲ...? "
ပြီးတော့ အပြင်းထန်ဆုံးစကားကို ကျွန်တော် ပြောလိုက်မိလိုက်တယ်။
" အမေက ဆုံးတော့ ဘာလို့ ဒီလောက် ပိန်နေတာလဲ? အရိုးနဲ့ အရေပဲ ကျန်တော့တယ်။ ငါ အော်ဒါတင်ပေးထားတဲ့ စျေးကြီးတဲ့ အားဆေးတွေ မင်းဝယ်ရဲ့လား? ""
ဒေးဗစ်က စကားတစ်ခွန်းမှ ပြန်မပြောပါဘူး။ သူဟာ ခြစ်ရာတွေအမြောက်အများဖြစ်နေတဲ့ မီးဖိုချောင်ရဲ့စားပွဲဟောင်းမှာ ထိုင်နေပါတယ်။ သူဝတ်ထားတဲ့အင်္ကျီက သူ့ထက် နှစ်ဆိုဒ်လောက်ကြီးနေပြီး ကျွန်တော် ဝတ်ထားတဲ့ အဝတ်အစားနဲ့ ယှဥ်မယ်ဆို တော်တော် ဟောင်းနွမ်းနေပါပြီ။
သူ့မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ အကွင်းကြီးတွေ ရှိနေပြီး လက်ဆစ်တွေကလည်း ရောင်ကိုင်းနေပါတယ်။
သူက ကျွန်တော့်ထက် ၃ နှစ်ငယ်ပေမဲ့ အခုချိန်မှာ ကျွန်တော့်ထက် ၁၀ နှစ်လောက် ပိုပြီး အသက်ကြီးပုံပေါက်နေပါတယ်။
ကျွန်တော်က ပြောစရာရှိတဲ့စကားတွေ စပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူနဲ့မျက်နာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ စကားကို ပိုမိုပေါ်လွင်စေဖို့ အသံကို သတိထားပြောပါတယ်။
"ဒေးဗစ်ရေ...မိသားစုပိုင်ပစ္စည်းတွေကိစ္စကို စကားပြောရအောင်။ အခု အိမ်ခြံမြေဈေးက ကောင်းနေတယ်။ အိမ်ကို မြန်မြန်ရောင်းပစ်တာက အကောင်းဆုံးလမ်းလို့ထင်တယ်။ 'လက်ရှိအတိုင်း' ရောင်းလိုက်ရင် ရတယ်။ ငါ့အတွက်တော့ ငွေမလိုဘူးဆိုတာ မင်းသိပါတယ်။ ဒါကြောင့် ၆၀-၄၀ ခွဲလိုက်မယ်။ မင်းက အိမ်မှာ နေပေးခဲ့တာ ဆိုတော့ မင်းဘက်က ပိုယူသင့်တယ်"
ကျွန်တော်က သဘောထားကြီးတတ်တဲ့ လူကြီးတစ်ယောက်လို ပြုံးပြလိုက်တယ်။ ကျွန်တော့်ရဲ့ ရက်ရောမှုကို သူ ကျေးဇူးတင်လိမ့်မယ်လို့ မျှော်လင့်နေမိတယ်။
ဒေးဗစ်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်တယ်။ သူ့မျက်လုံးတွေမှာ ရီဝေနေပါတယ်။ အလင်းစူးစူးကို ရှောင်နေသလိုပါပဲ။
သူက လေးလံထိုင်းမှိုင်းနေပြီး အဘိုးကြီးတစ်ယောက်လို တုန်တုန်ချိချိနဲ့ ထသွားပါတယ်။ အမှိုက်တွေထည့်တဲ့ အံဆွဲထဲက စာအုပ်အစုတ်လေးတစ်အုပ် ထုတ်လာပါတယ်။
အဲဒီစာအုပ်ကို ကျွန်တော်တို့နှစ်ယောက်ကြားက စားပွဲပေါ် ပစ်တင်လိုက်တယ်။
"ဖတ်ကြည့်လိုက်" လို့ သူ တိုးတိုးလေး ပြောပါတယ်။
ကျွန်တော် စာအုပ်ကို ဖွင့်ကြည့်လိုက်ပါတယ်။ အဲဒီစာအုပ်က အမေ့ကို ပြုစုခဲ့တဲ့ မှတ်တမ်းစာအုပ် ဖြစ်နေပါတယ်။
အောက်တိုဘာ ( ၁၂ )။
အမေ ဒီညလည်း မအိပ်ပြန်ဘူး။ ၆ နာရီဆက်တိုက် အော်ဟစ်နေပြီး မိုက်ကယ် လို့ပဲ ခေါ်နေတယ်။ ငါကို သူ မသိတော့ဘူး။ ဒီည အမေ့အဝတ်အစားနဲ့ အိပ်ရာခင်းတွေကို ၅ ကြိမ်လဲပေးခဲ့ရတယ်။ အမေ့ကို ရေချိုးပေးဖို့ ကြိုးစားတော့ ငါ့လက်ကို အမေ ကိုက်လိုက်တယ်။ သွေးတွေ ထွက်နေပေမဲ့ အမေ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ဆေးခန်းသွားလို့ မဖြစ်ဘူး။
နိုဝင်ဘာ ( ၃ )။
မိုက်ကယ် ပို့ပေးတဲ့ ပိုက်ဆံက အိမ်လခအတွက် လောက်ပေမဲ့ အမေ့သောက်မယ့် နှလုံးဆေးအသစ်အတွက် မလောက်ဘူး။ အာမခံကလည်း ငွေထုတ်မပေးပြန်ဘူး။ ဆေးဖိုးပေးဖို့ ငါ့ကားကို ဒီနေ့ ရောင်းလိုက်ရပြီ။ ဒီနေ့ကစပြီး ဈေးကို လမ်းလျှောက်သွားရတော့မယ်။
ဒီဇင်ဘာ ၂၅ (ခရစ္စမတ်)။
အမေက... တစ်နေကုန် ငိုနေတော့တာပါပဲ။ သူ့ရဲ့ "အောင်မြင်နေတဲ့ သားကြီး" က ည ၈ နာရီအထိ ဖုန်းမဆက်လို့တဲ့။ အမေက သတိတွေ လွတ်နေပါပြီ။ အမေ စွပ်ပြုတ်လေး နည်းနည်းသောက်အောင် မိုက်ကယ် အရင်က ပို့ထားတဲ့ ''အသံဖိုင်'' လေးကို အထပ်ထပ် ဖွင့်ပြခဲ့ရတယ်။ အမေ ကြောက်မနေအောင် အမေ့ကုတင်ဘေးက ကြမ်းပြင်မှာပဲ ပေါင်မုန့်တစ်ချပ် ထိုင်စားခဲ့ရတယ်။
ဇန်နဝါရီ ( ၁၅ )။
အမေ့ကို ရေချိုးကန်ထဲကနေ မတာ၊ ခါးနေရာက... အာရုံကြော ညှပ်သွားတယ်။ ဆရာဝန်က ခွဲစိတ်ဖို့ ပြောပေမဲ့ ငါ အချိန်မပေးနိုင်ဘူး။ ငါ မရှိရင် အမေ့ကို ဘယ်သူ ကြည့်မှာလဲ? အကိုက်အခဲပျောက်ဆေး သောက်ပြီးပဲ အမေ့အလုပ်တွေ ဆက်လုပ်နေရတယ်။
ကျွန်တော် စာအုပ်ကို ပိတ်လိုက်တယ်။ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့သလို ခံစားရပြီး တံတွေးတောင် မျိုချလို့ မရတော့ပါဘူး။
ဒေးဗစ်က ကျွန်တော့်ကို မျက်လုံးခြင်း စုံကြည့်ပြီး ပြောပါတယ်။
"မိုက်ကယ်၊ မင်းက တစ်လ ဒေါ်လာ ၂၀၀၀ ပို့ပေးခဲ့တယ်။ အဲဒါကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းက ပိုက်ဆံပို့နေတဲ့အချိန်မှာ တစ်ညကို ရှစ်နာရီပြည့်အောင် အိပ်နေခဲ့ရတယ်။"
သူရဲ့တုန်ရင်နေတဲ့ လက်ညှိုးနဲ့ ကျွန်တော့်ကိုထိုးပြီး ဆက်ပြောပါတယ်။
"မင်းမှာ ပိတ်ရက်တွေ ရှိတယ်၊ ဥရောပကို ခရီးသွားနိုင်ခဲ့တယ်၊ အပေါင်းအသင်းတွေနဲ့ ပျော်နိုင်ခဲ့တယ်။ မင်းမှာ ကိုယ်ပိုင်ဘဝ ရှိခဲ့တယ်"
သူက သူ့ရင်ဘတ်ကို သူ့လက်နဲ့ပုတ်ပြီး...
"ငါကတော့ လွန်ခဲ့တဲ့ ၄ နှစ်လုံးလုံး တစ်ညမှ ပြည့်ပြည့်ဝဝ မအိပ်ခဲ့ရဘူး။ အိမ်ကနေ ဘယ်မှထွက်မသွားနိုင်တဲ့အတွက် လက်ထပ်ဖို့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ လမ်းခွဲခဲ့ရတယ်။ အမေ့ကို ဂေဟာ မပို့ချင်လို့ ငါ့ရဲ့ အင်ဂျင်နီယာ အလုပ်ကနေ ထွက်ခဲ့ရတယ်။ မင်းက ပြဿနာတွေကို ဖြေရှင်းဖို့ ငွေပို့ပေးတယ်၊ ဒါပေမဲ့ ငွေက မနက် ၃ နာရီမှာ အမေစွန့်တဲ့ အညစ်အကြေးတွေကို၊ မဆေးကြောပေးနိုင်ဘူး မိုက်ကယ်။ ငွေက အမေ့ရဲ့ စိတ်ဝေဒနာကြောင့် ပြောတဲ့ ဆဲဆိုမှုတွေကိုလည်း သည်းခံမပေးနိုင်ဘူး။ အမေ ကြောက်လို့ တုန်နေတဲ့အချိန်မှာလည်း ငွေက ဖက်မထားပေးနိုင်ဘူး။ '
သူက ဒေါသတွေ၊ နာကျင်မှုတွေ ပြည့်နေတဲ့ အသံနဲ့ ဆက်ပြောပါတယ်။
"အိမ်ကို ရောင်းချင်ရင် ရောင်းလိုက်ပါ။ ပိုက်ဆံ အကုန်လုံးကို မင်းပဲ ယူလိုက်ပါ။ငါ တစ်ပြားမှ မလိုချင်ဘူး။ ငါ ရဲ့ဝေစု မင်းကို ပေးခဲ့ပြီးပြီ။ ငါ့ရဲ့ ဘဝနဲ့ ရင်းပြီး ပေးခဲ့တာ။''
သူ ကျွန်တော့်ကို ကျောခိုင်းပြီး အမေ့အခန်းထဲ ဝင်သွားပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အိပ်စက်ဖို့အတွက်ပေါ့။
ကျွန်တော် တစ်ယောက်တည်း တိတ်ဆိတ်နေတဲ့ မီးဖိုချောင်ထဲမှာ ကျန်ခဲ့တယ်။ ကျွန်တော့်ရဲ့ တန်ဖိုးကြီး နာရီနဲ့ ဖိနပ်ကို ငုံ့ကြည့်မိတယ်။ အခုတော့ အဲဒါတွေအားလုံးဟာ အမှိုက်တွေလိုပါပဲ။
ဟုတ်ပါတယ်၊ ကျွန်တော်က ငွေကြေးထောက်ပံ့သူ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူကမှ တကယ့် "သား" ပါ။ ကျွန်တော် ဆေးဖိုးပေးပေမဲ့ သူက အမေ့ပါးစပ်ထဲကို ဆေးထည့်ပေးခဲ့တာပါ။
ကျွန်တော်က အမေ့ရဲ့နာရေးအတွက် ငွေပို့ပေးခဲ့ပေမဲ့ သူက အမေ နောက်ဆုံးထွက်သက်အထိ လက်ကို ဆုပ်ကိုင်ထားပေးခဲ့တာ။
သူကမှ 'မွေခံထိုက်'တဲ့သားပါ။
အဲဒီနေ့ နေ့လယ်မှာပဲ ကျွန်တော် ရှေ့နေရုံးကို သွားပြီး အိမ်နဲ့ မြေကွက်အားလုံးကို ဒေးဗစ် နာမည်နဲ့ အမည်ပေါက် ပြောင်းပေးခဲ့တယ်။
နောက် ၁၀ နှစ်စာ သူ့ရဲ့ နေထိုင်စရိတ်အားလုံးအတွက်လည်း ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့ပါတယ်။
ဒါဟာ လက်ဆောင်ပေးတာမဟုတ်ပါဘူး၊ သူလုပ်ခဲ့တဲ့ အလုပ်အတွက် လုပ်ခ ပြန်ပေးတာပါ။ ကျွန်တော် မြို့ပေါ်ကို သက်သောင့်သက်နဲ့ ကားကိုပြန်မောင်းထွက်လာချိန်မှာ ကျွန်တော်အပေါ် သူ အကြွေးတင်နေသေးတယ်လို့ တွေးမိပါတယ်။
ကျွန်ုပ်တို့အားလုံးအတွက် တွေးစရာလေးပါ။
မိသားစုတော်တော်များများမှာ "ဂြိုဟ်ရံလို သားသမီး" နဲ့ "တောင်ဝှေးလို သားသမီး" ဆိုပြီး ရှိတတ်ကြပါတယ်။
ဂြိုဟ်ရံနဲ့တူတဲ့ သားသမီး ဆိုတာက အဝေးကနေ ပတ်ချာလည်နေတဲ့ သူပါ။ သူတို့က တောက်ပတယ်၊ ငွေကြေးထောက်ပံ့တယ်၊ တစ်ခါတလေမှ လာကြည့်ပြီး လိုအပ်မယ်ထင်တာ ညွှန်ကြားတတ်ကြပါတယ်။
တောင်ဝှေးလို သားလိုသမီး ကတော့ အနားမှာ အမြဲရှိနေတာပါ။ ပင်ပန်းမှုရဲ့အလေးချိန်ကို ထောက်ကန် ပေးထားတယ်။ သူတို့ ကျိုးပဲ့သွားတဲ့အထိ သူတို့အပေါ် မှီခို အားထားရတယ်။
ငွေကြေးထောက်ပံ့မှုဟာ ပြုစုစောင့်ရှောက်သူထက် ပိုပြီး တန်ဖိုးရှိတယ်လို့ မယုံကြည်မိဖို့ အရေးကြီးပါတယ်။ ဘဏ်ကနေ ငွေလွှဲပေးရုံနဲ့ လူကြီးတွေရဲ့ ညစ်ပေနေတဲ့ အဝတ်တွေ လဲပေးလို့မရပါဘူး။ အထီးကျန်မှုကို မကုသပေးနိုင်ပါဘူး။
သင်က အဝေးရောက်နေသူဆိုရင်၊ အိမ်မှာ ကျန်ခဲ့တဲ့ သူတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ဖို့ မကြိုးစားပါနဲ့။
တကယ်လို့ မိသားစုရဲ့ပိုင်ဆိုမှုကို ခွဲဝေပေးဖို့ အချိန်ရောက်လာရင်လည်း သတိရကြပါ။ အနီးကပ်ပြုစုခဲ့တဲ့သူဟာ သူ့ရဲ့အချိန်တွေ၊ ကျန်းမာရေးတွေနဲ့ ဘဝတစ်ခုလုံးကို ရင်းပြီး စတေးခဲ့ရတာပါ။
အဲဒီလို ပေးဆပ်မှုမျိုးရဲ့ တန်ဖိုးဟာကြီးပါတယ်။ အိမ်ခြံမြေ၊ ပစ္စည်းဥစ္စာနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
'မိသားစုရဲ့တရားမျှတမှု'ဆိုတာ အရာအားလုံးကို အညီအမျှခွဲတာ မဟုတ်ပါဘူး။ 'ဘယ်သူက ဘာပေးဆပ်ခဲ့လဲ' ဆိုတာကို အသိအမှတ်ပြုတာပါ။
Saya U Khin Zaw ( ဘာသာပြန် )
Crd
အရမ်းတွေကြိုက်လို့ပြန်လည်မျှဝေပါသည်