18/03/2026
အလုပ်တခုက ပြီးမြောက်ဖို့သတ်မှတ်ပေးထားတဲ့ အချိန်ထိ အလိုလိုကျယ်ပြန့်သွားလေ့ရှိတယ်။ ဥပမာ သင်ဟာ အလုပ်ကို၈နာရီ သွားရမာကို မနက် ၆နာရီကတည်းကနိုးနေရင် ဖုန်းလေးသုံး၊ မနက်စာအေးဆေးစား၊ ရေချိုးဖို့အချိန်ဆွဲ၊ ဟိုလိုလို ဒီလိုလိုနဲ့ မနက် ၈နာရီရောက်သွားပါလိမ့်မယ်။ အက်အစား သင်ဟာ ၇:၃၀ မာနိုးလာခဲ့ရင်တော့ ဖုန်းကိုလုံးဝမသုံးတာ့ပါဘူး၊ ရေအမြန်ချိုး၊ အဝတ်စား မြန်မြန်ဝတ် ပစ္စည်းတွေအကုန်ကောက်ထည့်ပြီး မိနစ် ၃၀ အတွင်း အိမ်ကနေပြေးထွက်သွားနိုင်ပါတယ်။ အဓိကအချက်က အိမ်ကထွက်ဖို့ ပြင်ဆင်ခြင်း ဆိုတဲ့ အလုပ်တစ်ခုတည်းပါပဲ။ ဒါပေမယ့် ဦးနှောက်က အချိန် ၂ နာရီ ရတယ်ဆိုရင် အဲဒီ ၂ နာရီ ပြည့်သွားတဲ့အထိ အလုပ်တွေကို ဆွဲဆန့်ပစ်လိုက်ပါတယ်။ မိနစ်၃၀ပဲ ရတော့မယ် ဆိုရင်လည်း မိနစ်၃၀နဲ့ ပြီးအောင် အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ Parkinson's Law ဖြစ်ပါတယ်။ ဒီသဘောတရားကို ဗြိတိန် ရေတပ်သမိုင်းပညာရှင် (Naval Historian) Cyril Northcote Parkinson က ၁၉၅၅ ခုနှစ်မှာ ရေတပ်ဝန်ကြီးဌာန (Admiralty) ရဲ့ မှတ်တမ်းစာရင်းဇယားတွေကို လေ့လာနေရင်းနဲ့ စတင်ရှာတွေ့ခဲ့တာပါ။
၁၉၁၄ ခုနှစ်ကနေ ၁၉၂၈ ခုနှစ်အတွင်း ပထမကမ္ဘာစစ်အပြီး ဗြိတိန်ရေတပ်ရဲ့ စစ်သင်္ဘော အရေအတွက်နဲ့အတူ စစ်သားနဲ့ သင်္ဘောသား အရေအတွက်ကလည်း သုံးပုံတစ်ပုံလောက် လျော့ကျသွားပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက သင်္ဘောတွေ၊ စစ်သားတွေ လျော့သွားပေမယ့် ကုန်းပေါ်က ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ အရာရှိတွေ (Bureaucrats) ရဲ့ အရေအတွက်ကတော့ နှစ်စဉ် ၅% ကနေ ၇% အထိ ပုံမှန် တိုးလာနေတာ သွားတွေ့ရပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုတာက လူတွေဟာလုပ်ငန်းခွင်မှာ အလုပ်မရှိလည်း အလုပ်ရှုပ်ချင်အောင် ဖန်တီးတတ်တယ်ဆိုတာပါဘဲ။ ဒီအချက်ကို ၁၉၅၅ ခုနှစ်ထုတ် The Economist မဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ်အနေနဲ့ စတင်ရေးသား ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
Parkinson's Law ကိုအသုံးချပီး အလုပ်ကို ဘယ်လိုထိထိရောက်ရောက်အလုပ်လုပ်မလဲဆိုတာကတော့ အလုပ်တစ်ခုအတွက် ပုံမှန်ယူမယ့် အချိန်ထက်ပိုလျှော့ပြီး Deadline သတ်မှတ်ကြည့်ပါ။ အချိန်နဲ့ပန်းတိုင်ကိုတိတိကျကျ သတ်မှတ်ပါ။ မှတ်ထားရမှာက အချိန်ဆိုတာ ပေးထားရင် ပေးထားသလောက် ကုန်သွားတတ်ပါတယ်။ ကိုယ်ကအချိန်ကို စီမံမှာလား၊ အချိန်က ကိုယ့်ကိုစီမံတာကို ခံမလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။