13/08/2021
"Speciality Coffee in Myanmar"
မြန်မာ့အထူးတန်း၀င်ကော်ဖီအကြောင်းမပြောသေးခင် မေးခွန်းလေးတစ်ခု အရင်မေးချင်ပါတယ်……..
What is Speciality Coffee ❓
ဟုတ်ပါတယ် အထူးတန်း၀င်လို့ဆိုတဲ့ Speciality Coffee ဟာ ဘယ်လိုကော်ဖီအမျိုးအစားမျိုးကို ခေါ်ပါသလဲ ❔
အထူးတန်း၀င်ကော်ဖီဆိုတာ Speciality Coffee Association of America (SCAA)မှ သတ်မှတ်ထားသောစံနှုန်းများအတိုင်း ကော်ဖီအရည်အသွေးကို စစ်ဆေးအကဲဖြတ်တဲ့အခါ အမှတ် 100 မှာ 80 နှင့်အထက်ရရှိတဲ့ အပြစ်အနာအဆာကင်းသော အရည်အသွေးမြင့်ကော်ဖီ ကို ဆိုလိုခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကော်ဖီကို ၁၈၈၅ ခုနှစ်၀န်းကျင် ကိုလိုနီနယ်ချဲ့ လက်အောက်ခံ အချိန်ကတည်းက သာသနာပြုအဖွဲ့များမှ မြန်မာနိုင်ငံအောက်ပိုင်း မြိတ်/ထား၀ယ်ဒေသတ၀ိုက်တွင် ကော်ဖီစိုက်ခင်းငယ်တစ်ချို့စိုက်ပျိုးခြင်းဖြင့် စတင်ခဲ့ကြပါတယ် ။ ၁၉၃၀ ၀န်းကျင်ရောက်မှ ရှမ်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်းနှင့် ပြင်ဦးလွင်ဒေသတ၀ိုက်မှာ Arabica Coffee ကိုစတင်စိုက်ပျိုးခဲ့ကြပါတယ်။ထိုအချိန်မှစတင်၍ နောက်နှစ်ပေါင်း ၅၀ ကျော်လောက်အထိ ကော်ဖီရောင်း၀ယ်မှုဟာ အနည်းငယ်သော အတိုင်းအတာတစ်ခုအထိသာ ရောက်ရှိခဲ့ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်တိုင်အောင် မြန်မာ့ကော်ဖီအသင်းအများစုဟာ အရည်အသွေးအတော်အသင့်သာ ကောင်းမွန်သော စီးပွားဖြစ်ကော်ဖီများကိုသာ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒါဟာလဲ ပြည်တွင်းသောက်သုံးသူအများစုဟာ ကော်ဖီမှုန့်၊သကြားနှင့် နို့မှုန့်တို့ကို အချိုးကျရောစပ်ထားတဲ့ 3in1 ကော်ဖီများကိုသာ သောက်သုံးမှုများခြင်းကြောင့်ဖြစ်နိုင်သလို နည်းစနစ်ကျသော ကော်ဖီစိုက်ပျိုးရိတ်သိမ်းထုတ်လုပ်မှုများအကြောင်းကို သေချာသိရှိနားလည်မှုမရှိခြင်းများကြောင့်လဲ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ မြန်မာ့စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ စီးပွားရေးအဖွဲ့အစည်းအများအပြားက ကော်ဖီရောင်း၀ယ်မှုကို ပိုမိုအာရုံစိုက်လာကြပါတော့တယ်။
အထူးသဖြင့် လွန်ခဲ့သော ၇ နှစ်အတွင်း မြန်မာ့ကော်ဖီလုပ်ငန်းဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ USAID(U.S.Agency for International Develpoment) နှင့် Winrock International တို့ရဲ့ ကူညီပံ့ပိုးမှုများကြောင့် အရည်အသွေးပိုမိုမြင့်မားသော ကော်ဖီများကို ထုတ်လုပ်လာနိုင်ခဲ့ကြပါတယ်။ ယခုဆိုလျှင် မြန်မာနိုင်ငံမှာ တစ်နှစ်ထပ်တစ်နှစ် ပိုမိုအရည်အသွေးကောင်းမွန်သော အထူးတန်း၀င်ကော်ဖီများကို အဆက်မပြတ်ထုတ်လုပ်လာနိုင်ခဲ့ပါပြီ။
ဒီလို ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသူများဘက်မှ အရည်အသွေးမြင့်ကော်ဖီများကို ပိုမိုထုတ်လုပ်လာကြသလို Roasters လို့ခေါ်တဲ့ ကော်ဖီလှော်သူများကလဲ ကော်ဖီ၏မူလဒေသနဲ့အခြောက်ခံတဲ့နည်းလမ်းတွေ မတူညီတဲ့ အရည်အသွေးမြင့်ကော်ဖီတွေကို သူ့ရဲ့ကောင်းမွန်ပြည့်စုံတဲ့ အနံ့အရသာတွေရရှိအောင် လှော်ပေးနိုင်ရပါမယ်။ ဒါ့အပြင် Barista ခေါ်ကော်ဖီဖျော်စပ်သူတွေကလဲ Coffee Origin, Processing methods, Roast level များကိုသိရှိနားလည်ပြီး ကျွမ်းကျင်သေချာစွာ ဖျော်စပ်ပေးနိုင်မှသာ အရည်အသွေးမြင့်အထူးတန်း၀င်ကော်ဖီ၏ တကယ့်အရသာစစ်စစ်ကို ကော်ဖီသောက်သုံးသူများက ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုကော်ဖီထုတ်လုပ်မှု အဆင့်ဆင့်မှာ ကော်ဖီသောက်သုံးသူများနဲ့ အများဆုံးဆက်ဆံရတဲ့ Barista များအနေနဲ့လဲ အထူးတန်း၀င်ကော်ဖီတွေရဲ့ (Farm to Cup) အဆင့်ဆင့် ကြိုးစားအားထုတ်ရပုံတွေကို လက်လှမ်းမှီသလောက် မျှဝေပေးသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကော်ဖီယဥ်ကျေးမှုနဲ့စျေးကွက် ပိုမိုမြင့်မားလာဖို့ဆိုရင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှအစ သောက်သုံးသူများအဆုံး အားလုံးအတူတူကြိုးစားသွားကြဖို့ လိုအပ်ပါတယ်နော်။
(ကဲ…..သင်ဟာကော်ဖီချစ်သူ ဒါမှမဟုတ် ကော်ဖီအကြောင်းကို စိတ်၀င်စားသူတစ်ယောက်ဆိုလျှင် ဒီအကြောင်းအရာလေးက သင့်အတွက် ဗဟုသုတရစေပြီး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်)
Sharing is Caring 🤍🤍
Ref
: https://sca.coffee/research/what-is-specialty-coffee
: https://winrock.org/
: https://www.coffee.org.mm/index.php/en/
: https://www.coffeeinstitute.org/coffee-places/myanmar/