30/05/2022
ဘာပဲဖြစ်ဖြစ် ချစ်ခဲ့တာပဲလေ...
ဘာကိုမှ အပြစ်မတင်တော့ပါဘူး။ ဆုံတွေ့ခြင်းတွေပြီးရင် ခွဲခွာခြင်းတွေလာတတ်တယ်ဆိုတာကို အမှုမဲ့ အမှတ်မဲ့ နေခဲ့မိတာ ။ ဘယ်တော့မှ ဝေးသွားမှာမဟုတ်ဘူးဆိုပြီး တစ်လောကလုံးကို ပတ်ပြီး ကြွားခဲ့မိတာ ။
ငါတို့ ချစ်ခဲ့တာ ဘယ်လောက်ရှိပြီဆိုတဲ့ နေ့ရက်တွေကိုပဲ ရေတွက်နေခဲ့မိတာလေ ။ တစ်နေ့ကျရင် ဝေးသွားရလိမ့်မယ်ဆိုတဲ့အတွေး ယောင်လို့တောင် မရှိခဲ့တဲ့ ကိုယ့်မှာ ဘာကိုမှ ပြင်ဆင်ချိန်မရခဲ့ဘူး။
အနာဂတ်ဆိုတာကြီးကို စိတ်ကူးယဥ်နေမိတဲ့အချိန် မင်းနဲ့အတူ အဲ့ဒီ အနာဂတ်ကြီးက ပျောက်ကွယ်သွားခဲ့တယ် ။ တစ်နေ့ကျရင်ဆိုပြီး စိတ်ကူးယဥ်နေမိတဲ့အချိန် မနက်ဖြန်ဆိုတာတောင် မရှိချင်တော့လောက်အောင် ပြိုလဲသွားခဲ့ရတယ် ။
ဘာပဲဖြစ်ဖြစ်... မင်းရှိနေတုန်းက မင်းကို ချစ်ခဲ့မိတာပဲလေ... မင်းမရှိတော့ပါလားဆိုတဲ့ အရှိတရားကိုလဲ လက်ခံရဲတဲ့ အသိတရားတွေတော့ ရှိရမှာပေါ့ ။ အများကြီး မျှော်လင့်ထားမိတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီအမှန်တရားကို လက်ခံဖို့ အချိန်တွေ အများကြီး လိုနေပါသေးတယ် ။
အိပ်မက်မက်လို့ကောင်းနေတုန်းမှာ အနိုးခံလိုက်ရသလို ငူငူငိုင်ငိုင်ကြီး ဘဝထဲ ရပ်နေမိတာကလွဲရင် အရာအားလုံးဟာ ပုံမှန်ပါပဲ မနက်ကျရင် နေထွက်တယ် ညနေကျရင်နေဝင်တယ် ပြီးတော့ မင်းကို လွမ်းရင် ငိုတယ်လေ ။
အနည်းဆုံးတော့... ငါ တတ်နိုင်တာထက်ပိုပြီး ချစ်ပေးခဲ့တာပဲဆိုတဲ့ စိတ်နဲ့ ဖြေနိုင်အောင် ကြိုးစားပါသေးတယ် ။ ဒါပေမယ့် ငါဒီလောက်ချစ်ခဲ့တာကိုတောင်မှ လို့ တွေးမိရင် အလိုလို ဝမ်းနည်းလာခဲ့ပြန်ရော...
မင်းကို အပြစ်လဲ မတင်ရက်ခဲ့သလို အပြစ်လဲ မြင်မနေတော့ပါဘူး... မင်းမှ မမှားခဲ့ပဲလေ တကယ်မချစ်တဲ့ လူတစ်ယောက်အနားမှာ ဘယ်သူကများ အချိန်အကြာကြီးနေမှာလဲလို့... ငါတော့ မှားတယ် ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးတဲ့ အချစ်မျိုးနဲ့ မင်းကိုမှ ရူးခဲ့မိတာ ။
အနည်းဆုံးတော့... ငါ အတတ်နိုင်ဆုံး ချစ်ခဲ့တာပဲဆိုတဲ့ စိတ်နဲ့ ဖြေပါတယ် ။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)